ဇွန် ၁ ရက်မှစ၍ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချလျက်ရှိပြီး ဝယ်ယူသူများ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်

နေပြည်တော် ၅ ဇွန် 

 

လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်အပိုပစ္စည်းများ၊ တင်သွင်းရောင်းချသူများအနေဖြင့် ရောင်းချသည့် အရောင်းပြေစာအပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ရောင်းချခြင်းကို ဇွန် ၁ ရက်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

 

လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူ မိဘပြည်သူများအနေဖြင့် အပိုပစ္စည်းများ ဝယ်ယူခြင်းအတွက် ကျသင့်သော စုစုပေါင်း တန်ဖိုးအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

 

“လက်ကိုင်ဖုန်း ဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချတဲ့ အရောင်းပြေစာအပေါ်မှာ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ၂၀၁၉ ဧပြီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ ကြိုတင်ပြင်ဆင်ချိန်ကာလအဖြစ် သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်ကစပြီး စတင်အကောင် အထည်ဖော်နေပါပြီ။ ကြိုတင်ပြင်ဆင်ချိန်ကာလအတွင်းမှာ သက်ဆိုင်တဲ့ လုပ်ငန်းရှင်တွေ၊ မြို့မိမြို့ဖတွေ၊  လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးတော့ ဆောင်ရွက်မယ့် အစီအစဉ်တွေကို မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံးတွေကနေ ရှင်းလင်း ဆွေးနွေးပေးပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောကြားသည်။

 

 ယခုလက်ရှိကာလတွင် လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူသူအတွက် ထုတ်ပေးမည့် ပြေစာတွင် ကပ်နှိပ်မည့် အခွန်အမှတ် တံဆိပ် Commercial Tax Stamp Label များမှာ ငါးဆယ်ကျပ်တန်၊ တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန်၊ တစ်ထောင်ကျပ်တန်၊ ငါးထောင်ကျပ်တန်နှင့် တစ်သောင်းကျပ်တန် အခွန်အမှတ်တံဆိပ်များဖြစ်ကြောင်း သိရသည်။

 

“လုပ်ငန်းရှင်တွေကို လုပ်ငန်းပမာဏအလိုက် လိုအပ်တဲ့ အခွန်အမှတ် တံဆိပ်တွေ ခန့်မှန်းမှာကြားစေတာတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုအစီအစဉ်က ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၄၀၊ စည်းမျဉ်းခွဲ (ခ) အရ  ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်ကိုင်းဖုန်း ဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းတွေအပေါ်မှာ ပစ္စည်းတန်ဖိုးနဲ့အတူ ကျသင့် ကုန်သွယ်လုပ်ငန်းခွန်ကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချတဲ့ နည်းလမ်းကို သတ်မှတ်ထုတ်ပြန်ထားပြီး ဖြစ်တဲ့အတွက် အကောင်အထည်ဖော်ခြင်းပဲ ဖြစ်ပါတယ်။

 

“တချို့ကကျတော့ လက်ကိုင်ဖုန်း ဟန်းဆက်တွေအပေါ် အခုမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံတယ်လို့ ထင်ကြတယ်။ ပြည်တွင်းအခွန်များဦးစီး ဌာနအနေနဲ့ကတော့ ရောင်းဝယ်မှုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေအပေါ်  ၁၉၉၀ ပြည့်နှစ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံလျက်ရှိပါတယ်။ ၂၀၁၉ ဇွန် ၁ ရက်မှာ စတင်မယ့် လုပ်ငန်းအစီအစဉ်ဟာ လက်ကိုင်ဖုန်းဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းတွေအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်တဲ့ အစီအစဉ်ပဲဖြစ်ပါတယ်” ဟုလည်း ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

 

လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်အပိုပစ္စည်းများ၊ တင်သွင်းရောင်းချသူများ၊ အရောင်းဆိုင်များမှ လက်ကိုင်ဖုန်းဟန်းဆက် (Handset) နှင့် ဆက်စပ်အပိုပစ္စည်းများ ရောင်းချသည့် အရောင်းပြေစာအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခြင်း မပြုပါက ၁၉၉၀ ပြည့်နှစ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

“အရောင်းပြေစာအပေါ်မှာ အခွန်အမှတ်တံဆိပ် မကပ်နှိပ်တဲ့ ဆိုင်တွေကိုတော့ ၁၉၉၀ ပြည့်နှစ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (စ) အရ ငွေလက်ခံရရှိကြောင်း အထောက်အထားအပေါ်မှာ ကျသင့်အခွန်ရဲ့ ၁၀ဝ ရာခိုင်နှုန်း၊ ပျက်ကွက်မှုအပေါ် တိုင်ကြားခံရမှုအလိုက်၊ ပထမအကြိမ် ပျက်ကွက်ခြင်းအတွက် နှစ်သိန်း၊ ဒုတိယ ငါးသိန်း၊ တတိယ ၇ သိန်းနဲ့ တတိယအထက်ကို တစ်ကြိမ်ကို ၁၀ သိန်းစီ ဒဏ်ကြေးပေးဆောင်စေမှာ ဖြစ်ပါတယ်။ တိုင်ကြားသတင်းပေးတဲ့သူကိုလည်း တပ်ရိုက်တဲ့ ဒဏ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ထုတ်ပေးမှာဖြစ်ပါတယ်။ ဆုကြေးငွေ ထုတ်ပေးနိုင်ဖို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူပေးဖို့ လိုအပ်ပါတယ်။ သတင်းပေးတိုင်ကြားတဲ့သူ မည်သူဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်ခြင်း မပြုရဆိုပြီး ဥပဒေမှာ ပြဋ္ဌာန်းပေးထားပါတယ်။

 

“တိုင်ကြားမှုကို ဘယ်အခွန်ရုံးမှာမဆို တိုင်ကြားနိုင်ပြီးတော့ တိုင်ကြားတဲ့အခါ ပြေစာအပေါ်မှာ အခွန်အမှတ်တံဆိပ်မကပ်ထားတဲ့၊ ဒါမှမဟုတ် ကျသင့်အခွန်တံဆိပ်အတိုင်း အပြည့်မကပ်ထားတဲ့ ပြေစာမူရင်း၊ ပြေစာမထုတ်ပေးတဲ့ဆိုင်မျိုးဆို မထုတ်ပေးတဲ့အကြောင်းကို ခိုင်လုံစွာ တင်ပြတာမျိုး ဥပမာ ဗွီဒီယိုမှတ်တမ်းတင်ပြတာမျိုးတွေနဲ့ တင်ပြနိုင်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးက ရှင်းပြသည်။  

      
      
ရှင်မင်း