ငါ့သရောက် ၄ ဇွန်
ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်အတွင်း မေလ ၂၈ ရက် ညပိုင်းက ရွာသွန်းမိုးဖြင့် ငါ့သရောက်မြို့နယ်အတွင်း သုံးလမြေပဲနှင့် ခြောက်လမြေပဲစိုက်ပျိုးခဲ့ရာ မြေပဲပင်ပေါက်များ အပင်ဖြစ်ထွန်းမှု သန်မာထွားကြိုင်းလာခဲ့ရာ အောင်မြင်ဖြစ်ထွန်းလာလျက်ရှိကြောင်း ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောပြချက်အရ သိရသည်။
ငါ့သရောက်မြို့နယ်သည် မိုးတွင်းတစ်တွင်းသာ အားကိုးအားထားပြုစိုက်ပျိုးရသည့် မြို့နယ်ဖြစ်ကာ မိုးကာလအတွင်းမရောက်ခင် နွေလထဲက ထွန်ရေးငင်ထားခြင်း၊ မြေဆီမြေနှစ်များ ကြဲပက်ကာ ယာထွန်စက်ကြီးများဖြင့် မြေအထက်အောက်လှန်ကာ မြေဆီမြေနှစ် သမသွားစေရန် နွေကာလထဲကပြုပြင်ထားပြီး မိုးကျလျှင် ထွန်ရေးလှန်ပြီးကြောင်းဆွဲကာ စိုက်ပျိုးကြကြောင်း၊ ယာမြေတစ်ဧကလျှင် သုံးလမြေပဲ(ပဲလေး)နှင့် ခြောက်လမြေပဲ(ပဲကြီး) တစ်တင်းခွဲ(မြေပဲဆံ) စိုက်ပျိုးကြကြောင်းနှင့် မိုးလေဝသရာသီဥတု မှန်ကန်ခဲ့ပါက မြေပဲဆယ့် ငါးတင်းမှ တင်းနှစ်ဆယ်ခန့်ထိထွက်ရှိကြောင်း၊ ဆည်ကျေးရွာမြေပဲစိုက်တောင်သူ ဦးမြအောင်က ရှင်းပြသည်။
တကယ်မြေပဲအထွက်နှုန်း ကောင်းသည့်နှစ်များတွင် နွားစာအတွက်ပါ အဆင်ပြေပြီး အချို့တောင်သူများ နွားစာတွက်ပါ အားထားစိုက်ပျိုးနေရကြောင်း သိရသည်။
မြေပဲနှစ်မျိုးလုံးအား မေလနှင့်ဇွန်လများတွင်သာ အများဆုံးစိုက်ပျိုးကြပြီး သုံးလမြေပဲသည်(ပဲလေး) တော်သလင်းလတွင်ပေါ်ကာ ခြောက်လမြေပဲ(ပဲကြီး) တန်ဆောင်မုန်းလတွင်ပေါ်ကြောင်း ရာသီဥတုသာမှန်ကန်ပြီး မိုးသာပုံမှန်ရွာပါက ယခုဖြစ်ထွန်းလာနေသော မြေပဲစိုက်ခင်းများ အထွက်နှုန်းကောင်းနိုင်ကြောင်း ဇွန်လ ၂ ရက်က ရွာသွန်းသည့်မိုးကြောင့် ကျေးလက်တောင်သူများ မြေပဲစိုက်ခင်းများအတွက် ပိုမိုအားတက်ကာ မြေပဲပေါ်ချိန်များများထွက်ရန် မျှော်လင့်နေကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


