ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ ငမြှောင်တောင်ပိုးကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချလာသည့် ပြောင်းဖူးစိုက်ခင်းများ မစိုက်ပျိုးတော့

ညောင်ဦး ၂ ဇွန်   
    

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများ တနှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် အဆင်ပြေလာရာမှ ယခုနှစ်နွေရာသီမှ စတင်ကာ ငမြှောင်တောင်ပိုး ကျရောက်လာခြင်းကြောင့် ပြောင်းဖူးစိုက်ပျိုးရောင်းချလာသည့် တောင်သူများ မစိုက်ပျိုးတော့ကြောင်း ပြောင်းဖူးပွဲစား ဦးဝင်းတင်က ပြောပြသည်။
    

 

4r3e

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု သရက်ကုန်းကျေးရွာ၊ လက်ပံခြေပေါ်ကျေးရွာ၊ ကတောကျေးရွာ၊ တောင်ဖက်ဝန်းကျေးရွာများနှင့် သစ်ထောင့်အုပ်စု သစ်ထောင့်ကျေးရွာတို့သည် နှစ်ပတ်လည်ပြောင်းဖူး စိုက်ပျိုးရောင်းချခြင်းဖြင့် ညောင်ဦး၊ ပုဂံ၊ ပခုက္ကူ၊ မြင်းခြံ၊ တောင်သာ၊ ငါ့သရောက်မြို့တို့မှ စားသုံးသူများအတွက် ရောင်းချပေးနိုင်ခြင်းနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ ပြောင်းဖူးပွဲစားများ တင်ပို့ရောင်းချခြင်းများဖြင့် ပြောင်းဖူးစိုက်တောင်သူများ အဆင်ပြေလာရာမှ ယခုနှစ်နွေရာသီမှစတင်ကာ မစိုက်ပျိုးတော့ကြောင်း သစ်ထောင့်ကျေးရွာ ဒေါ်လှမှပြောပြသည်။

 


လက်ပံခြေပေါ်အုပ်စု ကျေးရွာများသည် နွေ၊ မိုး၊ ဆောင်း ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ညောင်ဦး-မြင်းခြံ ကားလမ်းမဘေးတွင် ပြောင်းဖူးပွဲစားများမှ လာရောက်ဝယ်ယူကြကာ မြစ်ရေတင်ဖြင့် ပြောင်းဖူးစိုက်ပျိုးခြင်း၊ မြေအောက်ရေ အသုံးပြုစိုက်ပျိုးခြင်းများဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချလာခဲ့ရာ ငမြှောင်တောင်ပိုး ကျရောက်လာခြင်းကြောင့် စိုက်ပျိုးမှုမပြုတော့ကြောင်း တောင်ဖက်ဝန်းကျေးရွာ ဦးမင်းညိုက ပြောပြသည်။ ငမြှောင်တောင်ပိုး ကျရောက်ခြင်းကြောင့် ပြောင်းဖူးပင်များ အပင်စတင်ဖြစ်ကတည်းက အရွက်များကိုက်ဖြတ်ခံရခြင်း၊ ပြောင်းဖူးစဖူးသည်နှင့် ပြောင်းဖူးထိပ်အတွင်း ငမြှောင်တောင်ပိုး စတင်ဝင်ရောက်ကာ ပြောင်းဖူးစေ့(ပုတီးစေ့) စတင်ဖွံ့ဖြိုးလာပြီနှင့် တပြိုင်နက် ငမြှောင်တောင်ပိုးမှ စတင်ကာ ပြောင်းဖူးတဝက်ခန့်အထိ ကိုက်ဖြတ်စားသောက်ကြကြောင်းနှင့် ပြောင်းဖူးများရင်လာလျှင် ရောင်းတန်းဝင်ပြောင်းဖူး မဖြစ်တော့ဘဲ ဈေးကောင်းမရသည့် ပြောင်းဖူးအဆင့်သာ ရရှိတော့သောကြောင့် ပြောင်းဖူး နှစ်ပတ်လည်စိုက်ပျိုးလာသည့် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်တွင် ပြောင်းဖူးစိုက်ပျိုးမှု မရှိသလောက်နည်းလာကြောင်း ပြောင်းဖူးပွဲစား ဦးဝင်းတင်က ပြောပြသည်။

 


မောင်မောင်ထိန် (ကျောက်ပန်းတောင်း)