ရန်ကုန် ၃၁ မေ
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်ပပြုလုပ်သည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်မိန့်ခွန်းတွင် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် ဆေးလိပ်သောက်ခြင်း ကွမ်းစားခြင်းတို့ကို ရှောင်ရှာစေခြင်း အများပြည်သူကြားထဲ ဆေးလိပ်သောက်ခြင်းတို့ မပြုရန်နှင့် အသက်(၁၈)နှစ် မပြည့်သေးသော ကလေးငယ်များအား ဆေးလိပ်ရောင်းချခြင်း မပြုလုပ်ရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က မေလ (၃၁)ရက် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဆေးလိပ်သောက်ခြင်းသည် အ ချိန်မတိုင်ခင် သေဆုံးသွားစေနိုင်ကြောင်း နိုင်ငံတော်ရဲ့စွမ်းအားများ လျော့နည်းကျဆင်းသွားမည်ဖြစ်ကြောင်း ဆေးလိပ်တွင် ဓါတုဗေဒပစ္စည်းအမျိုးပေါင်း (၇၀ဝ၀) ကျော် ပါဝင်ကြောင်း (၆၉) မျိုးသည် ကင်ဆာရောဂါဖြစ်နိုင်ကြောင်း ကလေးငယ်များသည် ဆေးလိပ်ကို တစ်ဆင့်ခံ ရှူရှိုက်မိပါက ပန်းနာရင်ကျပ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း မိဘများကလည်း သားသမီးများရှေ့တွင် ကွမ်းစားခြင်း ဆေးလိပ်သောက်ခြင်းများ မပြုလုပ်မိစေရန် ရှောင်ရှားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဆေးလိပ် ဆေးရွက်ကြီးအန္တရာယ်နှင့် ပတ်သက်သော ပညာပေး ဇာတ်လမ်းများပြသကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့် ပြန်/ဆက်


