ကန့်ဘလူ  ၃၁   မေ 


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တီဘီရောဂါသံသယရှိသူများကို တိုင်းဒေသကြီး ရွေ့လျားတီဘီရောဂါရှာဖွေရေးအဖွဲ့က မေ ၂၆ ရက်မှ ၃၀ ရက်အထိ သံသယရှိလူနာ ရာနှင့်ချီ၍ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီတိုက်ဖျက်ရေးဌာန ဒေါက်တာမျိုးမင်းစိုး (National Technical Officer-NTO ၊WHO-TB )၊ ရွေ့လျားတီဘီရောဂါရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်မျိုးလင်းနှင့်အဖွဲ့၊မြို့နယ်ခုတင် ၁၀ဝ ဆံ့ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့်ကျန်းမာရေးဝန်ထမ်းများ၊တီဘီတိုက်ဖျက်ရေးဌာန ဝန်ထမ်းများ၊ဓာတ်ခွဲ ခန်းမှူးများ၊ ဆရာဆရာမများ ပူးပေါင်း၍ ကျေးရွာများသို့ကွင်းဆင်းကာ တီဘီရောဂါလက္ခဏာများအကြောင်းကို ရှင်းလင်းပြောကြားပြီး တီဘီရောဂါ သံသယရှသူများကို ရှာဖွေဖော်ထုတ် ကုသပေးနေခြင်းဖြစ်သည်။


မေ ၂၆ ရက်မှစတင်ကာ ကွင်းဆင်းစစ်ဆေးပေးရာတွင် ဇင်းကျေးရွာကျေးလက် ကျန်းမာရေးဌာနခွဲ၌ သံသယရှိလူနာ ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၀၅ ဦးနှင့် သလိပ်စစ်ဆေးသူ ၁၈ ဦး၊မြေထူးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဓာတ်မှန်ရိုက်၌ စစ်ဆေးသူ ၁၇၀ ဦးနှင့် သလိပ်စစ်ဆေးသူ ၃၂ ဦး၊ဘူးကုန်းကျေးရွာ၌ ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၆၅ ဦးနှင့်သလိပ်စစ်ဆေးသူ ၃၁ ဦး၊မလယ်ကျေးရွာ၌ ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၅၉ ဦးနှင့်သလိပ်စစ်ဆေးသူ ၂၈ ဦး၊ကာဘိုးကျေးရွာ၌ ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၂၅ ဦးနှင့်သလိပ်စစ်ဆေးသူ ၁၆ ဦး စုစုပေါင်း ဓာတ်မှန်ရိုက်စစ်ဆေးသူ ၇၂၄ ဦးနှင့် သလိပ်စစ်ဆေးသူ ၁၂၅ ဦးအား ရောဂါရှိမရှိစစ်ဆေးပေးနိုင်ခဲ့သည်။


အဆိုပါ ဓာတ်မှန်ရိုက်၊သလိပ်စစ် စစ်ဆေးချက်များတွင် တီဘီရောဂါဟုသံသယရှိသူ ၂၇ ဦးတို့အား ဆေးကျွေးကုသပေးခဲ့ပြီး ဆေးယဉ်ပါးတီဘီဖြစ်မဖြစ်သိရှိနိုင်ရန် ဆက်လက်စစ်ဆေးနေသူ ၅၀ ဦးရှိကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)