အောင်လံ  ၃၁  မေ 


ဂျပန်နိုင်ငံမှဝယ်လိုအားကောင်းနေသည့်  အောင်လံစမုံနက် GPS နှမ်းစိုက်ခင်းများမှ နှမ်းများတွင် နှမ်းဖိုရောဂါကြောင့် အထွက်နှုန်းကျဆင်းခြင်း မရှိစေရေးအတွက် ပိုးသတ်ဆေးအား စနစ်တကျ အသုံးပြုခြင်း၊ ပိုးသတ်ဆေး ဓာတ်
ကြွင်းကင်းရေးနှင့် ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းနည်း၊ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းစနစ် IPM နှင့် GAP စနစ်အကြောင်း ပညာပေးဆွေးနွေးခြင်းများကို မေ ၃၀ ရက် မွန်းလွဲ ၂ နာရီက  အောင်လံမြို့နယ် ရေပေါ်ကျေးရွာဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

 

1

 


ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများအကြောင်းကို ဟောပြောဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှအောင်က GAP စနစ်စိုက်ပျိုးနည်းများ အကြောင်းကိုလည်းကောင်း၊  ဒုတိယဦးစီးမှူး ဦးဝင်းမြင့်ဦးက  ဖောငမြှောင်တောင်အကြောင်း သိကောင်းစရာများနှင့် IPM အကြောင်းများကိုလည်းကောင်း ရှင်းလင်းဟောပြောဆွေးနွေးကြပြီး၊ ဂျပန်နိုင်ငံ JAICAF (Japan  Association for International Collaboration of Agriculture and Forestry) မှ Ms Akio NISHIYAMA နှင့် Dr Azusa FUJIIE တို့က ဖြုတ်ညိုပိုးကြောင့် နှမ်းဖိုရောဂါဖြစ်ပွားခြင်းကို ကာကွယ်နှိမ်နင်း နည်းစနစ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံ JAICAF အဖွဲ့သည် စမ်သပ်စိုက်ခင်းတွင် မြေပြုပြင်ပြီးစီးမှုအခြေအနေကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ၎င်းအဖွဲ့မှ နှမ်းရိတ်သိမ်းပြီးစီးချိန်အထိ သုတေသနပြု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


သိန်းလွင်(အောင်လံ)