ပေါ်ဦးပေါ်ဖျား နှမ်းနက်များ အဖွင့်ဈေးကောင်းဖြင့် အရောင်းသွက်နေ

မန္တလေး   ၂၃    မေ 


မကွေးတိုင်းဒေသကြီး အတွင်းရှိ စလင်းနှင့် ဆင်ဖြူကျွန်းမြို့နယ်တို့မှ စတင်ထွက်ရှိလာသည့် နှမ်းနက်များ မန္တလေးဈေးကွက်တွင် အဖွင့်ဈေးကောင်းဖြင့် အရောင်းသွက်လျက်ရှိကြောင်း မန္တလေး နှမ်းကုန်သည်များထံမှ သိရသည်။


အဆိုပါ နှမ်းနက်များအား နွေရာသီကာလတွင် ရေသွင်းစိုက်ပျိုးထားခြင်းဖြစ်ပြီး ယမန်နှစ်ယခုလိုပေါ်ခါစက သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်နှစ်သိန်းနှစ်သောင်းနှုန်းဖြင့် အဖွင့်ဈေးစခဲ့သော်လည်း ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ကျပ်နှစ်သိန်းခုနစ်သောင်းငါးထောင်နှုန်းဖြင့် အဖွင့်ဈေးမြင့်တက်လာသည့် အပြင် အရောင်းလည်းသွက်နေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။


''ဒီရက်ပိုင်းမှာ မန္တလေးဈေးကွက်ကို နှမ်းနက်သာမက နှမ်းဖြူတွေပါ စတင်ဝင်လာပြီး အဖွင့်ဈေး ကောင်းနေကြတယ်။ တရုတ်နိုင်ငံရဲ့ လိုအပ်ချက်ကြောင့် အသစ်ပေါ်ချိန်မှာ ရသလောက် သိမ်းကျုံး ဝယ်နေတဲ့အတွက် ဈေးကလည်း မြင့်တက်နေတာပါ။ မနှစ်ကလည်း အခုလို နှမ်းရာသီအချိန်မှာ ဝယ်လိုအား ကောင်းပြီး ဈေးကောင်းရတဲ့အတွက် လက်ကျန်မချန်ထားပဲ ရောင်းချတော့ အခုပြန်လည်စိုက်ပျိုးချိန်မှာ မျိုးစေ့ ရှားပါးတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာကိုလည်း သတိပြုစေချင်တယ်'' ဟု ၄င်းက ပြောသည်။


လက်ရှိတွင် ယမန်နှစ် မိုးနှမ်းစိုက်ပျိုးရာသီ၌ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် နှစ်သိန်းဝန်းကျင်သာ ရှိခဲ့သော နှမ်းနက်မျိုးစေ့ ဈေးနှုန်းမှာ ယခုစိုက်ပျိုးချိန်တွင် မျိုးစေ့လက်ကျန် ရှားပါးသည့်အတွက် ကျပ်သုံးသိန်းနှုန်းအထိ အမြင့်ဆုံးဈေးဖြင့် စိုက်ပျိုးရန် တောင်သူများ ပြန်လည်ဝယ်ယူနေကြကြောင်းနှင့် နှမ်းနက်ကို သီးထပ်အဖြစ် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရက် ၁၀ဝ အတွင်း ပေါ်ထွက်လေ့ရှိသော သီးနှံဖြစ်သည့်အပြင် ရောင်းချရာတွင်လည်း အခက်အခဲမရှိသော မြန်မာ့ထွက်ကုန်တစ်ခုဖြစ်ကြောင်း သိရသည်။


အောင်ဖြိုးကျော်