မိတ္ထီလာမြို့မှ ထွက်ရှိလာသည့် လှိုင်လှိုင်ပေါ်ထန်းသီးများ မန္တလေးမြို့တွင် ရောင်းဝယ်သူများဖြင့် အထူးစည်ကား

မန္တလေး  ၁၉  မေ 

 

အညာဒေသတွင် အများဆုံး စိုက်ပျိုးထွက်ရှိသည့် ထန်းပင်မှ ထန်းသီးများ လှိုင်လှိုင်ပေါ်ထွက်ရှိသည့် ယခုရာသီတွင် မိတ္ထီလာမြို့နယ်မှ ထန်းစိုက်တောင်သူများ စုပေါင်း၍ လာရောက်ရောင်းချမှုများဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဗောဓိကုန်းဘုရားအနီးတွင် အထူးစည်ကားနေကြောင်း သိရသည်။

 

အဆိုပါ ထန်းသီးများကို မိတ္ထီလာမြို့နယ် ရှမ်းတဲစံပြကျေးရွာမှ ထန်းစိုက်တောင်သူများ စုပေါင်း၍ မန္တလေးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော ဗောဓိကုန်းဘုရားညောင်ရေသွန်းပွဲတော်တွင် အဓိကရောင်းချရန် နှစ်စဉ် နှစ်ဆန်း ၁ ရက်နေ့မှစ၍ လာရောက်ကြပြီး ယခုကဆုန်လအတွင်း ထန်းသီးလှိုင်လှိုင်ပေါ်ချိန်တွင် လာရောက်ရောင်းချ သူ ၅၀ ဦးခန့်ထိရှိကြောင်း သိရသည်။

 

"အရင်ကတော့ ကျွန်မတို့ ရွာကနေလာပြီး မန္တလေးမြို့က ဘုရားကြီး၊ မင်္ဂလာဈေးနဲ့ မန်းမြို့ဈေးတွေမှာ လှည့်လည် ရောင်းချလေ့ရှိပေမယ့် နောက်ပိုင်းတော့ ဒီဗောဓိကုန်းဘုရားပွဲမှာ နှစ်စဉ်လာပြီး ရောင်းချတာ ၁၅ နှစ်လောက် ရှိပါပြီ။ ဟိုအရင်တုန်းကတော့ ဘုရားပွဲနဲ့အပြိုင် ထန်းသီးဈေးရောင်းပွဲတော်လို့ ခေါ်ဆိုကြပါတယ်။ ထန်းသီးတစ်လုံးကို ၅၀ဝ ကျပ်နဲ့ တစ်ထောင်ဖိုးယူရင် သုံးလုံးနှုန်း ရောင်းချပေးပါတယ်။ ထန်းဆန်ကြီးပဲ ဝယ်ရင်တော့ တစ်ထောင်ကျပ်ဖိုးကို ၁၀ ဆန်ကနေ ၁၂ ဆန်အထိ ရောင်းပေးပါတယ်။ ရောင်းအားအခြေနေကတော့ နှစ်စဉ်ပုံမှန်အတိုင်းပဲ ရောင်းကောင်းပါတယ်" ဟု ထန်းသီး လာရောက်ရောင်းချသူ ဒေါ်ခင်စောဦးက ပြောသည်။

 

အဆိုပါနေရာတွင် ထန်းသီးဆန်များ လာရောက်ဝယ်ယူအားပေးနေသည့် ဒေါ်စန်းစန်းအေးကလည်း '' ထန်းသီးက ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာအစားအစာတစ်ခုလို့ ပြောရင်မမှားပါဘူး။ ကျွန်မကတော့ နှစ်စဉ် ဒီရာသီရောက်တိုင်း ဒီနေရာမှာ လာပြီးဝယ်နေကြပါ။ အခုလိုပူအိုက်တဲ့ ရာသီမှာ ထန်းသီးဆန် နုနုလေးကို ရေခဲသေတ္တာထဲထည့်ပြီးစားရင် အေးဆိမ့်ချိုမြပြီး အရသာထူးကဲပါတယ်။ ဒါအပြင် အရသာက ခါးသက်သက်လေး ရှိတဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်'' ဟု ပြောသည်။

 

ထန်းပင်များမှ တစ်ခိုင်လျှင် ထန်းသီးအလုံးရေ ၁၈ လုံးမှ ၂၅ လုံးအထိ ထွက်ရှိပြီး အလုံးရေပေါ်မူတည်၍ တစ်ခိုင် လျှင်ငွေကျပ် ၅၀ဝ၀ မှ ၈၀ဝ၀ ကျပ်နှုန်းအထိ ရောင်းချရပြီး၊ လားရှိုး၊ မူဆယ်၊ ဖားကန့်နှင့် ပြင်ဦးလွင် မြို့များမှ အခိုင်လိုက် လာရောက်ဝယ်ယူမှုများရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)