ခရမ်းချဉ်သီးဈေးနှုန်းများ အထွက်နှုန်းနည်းပါးသဖြင့် တစ်ပိဿာ ကျပ်တစ်ထောင်ကျော်အထိ ဈေးမြင့်တက်နေ

မန္တလေး ၈ မေ 

 


ယခုရာသီတွင် ထွက်ရှိသည့် မြန်မာ့ထွက်ကုန် ခရမ်းချဉ်သီးမှာ စိုက်ပျိုးမှုနည်းပါးခြင်းနှင့်  ရာသီဥတုကောင်းမွန်မှု မရှိခြင်းတို့ကြောင့် အထွက်နှုန်းနည်းပါးသဖြင့် ဈေးနှုန်းများ မြင့်တက်ကာ တစ်ပိဿာလျှင် ကျပ်တစ်ထောင်ကျော်အထိ ဈေးကောင်းရနေကြောင်း မလှိုင်မြို့နယ်မှ ခရမ်းချဉ်စိုက်တောင်သူ ကိုအေးမင်းက ပြောကြားသည်။

 

နအမ

 


ယမန်နှစ် ခရမ်းချဉ်သီးရာသီတွင် တစ်ပိဿာလျှင် ကျပ် ၃၀ဝ ခန့်အထိ ဈေးနှုန်းကျဆင်းခဲ့သဖြင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုနှစ်တွင် ဈေးကောင်းရသည့်အတွက် ပြုံးပျော်နိုင်ကြသော်လည်း ပြည်ပမှ တင်သွင်းလာမည်ကို စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 


''လက်ရှိပေါက်ဈေးအရဆို နယ်စပ်မှာ စိုက်ပျိုးထားတဲ့ သူတွေအဖို့ တွက်ခြေကိုက်တာကြောင့် တင်သွင်းလာနိုင်တယ်။ ထိုင်းနယ်စပ်ကနေ ရန်ကုန်၊ ပဲခူး စတဲ့ ဒေသတွေအထိ ဝင်ရောက်လာတတ်သလို တရုတ်နယ်စပ်ကနေလည်း မန္တလေးဈေးကွက်ကို ဝင်ရောက်လာနိုင်တယ်။ အရေအတွက်များများ ဝင်ရောက်လာတာနဲ့ ဈေးနှုန်းပြန်ကျပြီး ဈေးကွက်လည်း ပျက်သွားမှာပါ'' ဟု မန္တလေးမြို့ ကိုင်းတန်းဈေးရှိ ခရမ်းချဉ်သီးပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

 


လက်ရှိတွင် ခရမ်းချဉ်သီးဈေးနှုန်းများအနေဖြင့် ပွဲရုံသွင်းဈေးမှာ တစ်ပိဿာလျှင် ၁၂၀ဝ ကျပ် မှ ၁၄၀ဝ ကျပ် အတွင်းရရှိကာ လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ အထိ ရောင်းချနေကြောင်း သိရသည်။

 

ခရမ်းချဉ်သီးကို မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ မလှိုင်၊ စဥ့်ကိုင်၊ မြင်းခြံနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်များအပြင် ရှမ်းပြည်နယ် အင်းလေးဒေသများတွင်လည်း အများဆုံး စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။

 


မင်းထက်အောင်(မန်းကိုယ်ပွား)