မြစိမ်းရောင်ချေးငွေဖြင့် သိုး၊ ဆိတ်နှင့် ဝက် မွေးမြူခြင်းလုပ်ငန်းများ အောင်မြင်လျက်ရှိ

ချောင်းဦး  ၇ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကိုးတောင်ကန်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ချေးငွေဖြင့် မွေးမြူသော သိုး၊ ဆိတ်နှင့် ဝက်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရသဖြင့် တောင်သူများ အဆင်ပြေလျက် ရှိကြောင်း ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းထံမှ သိရသည်။

 

“ ဒီကျေးရွာက ကျေးရွာသူ၊ ကျေးရွာသားတွေကလည်း မွေးမြူရေးလုပ်ငန်းကို ပိုပြီးစိတ်ဝင်စားလာတယ်၊ မြစိမ်းရောင်စီမံကိန်း ဖော်ဆောင်ခဲ့တာ အခုဆိုရင် (၅)ကြိမ်မြောက်အတွက် ချေးငွေ (၅၄၈)သိန်းကို ထုတ်ချေး ပေးထားတယ်၊ ယခုနှစ်က သိုး၊ ဆိတ်နဲ့ ဝက်ဈေးတွေကောင်းတော့ မွေးမြူသူတွေ အဆင်ပြေတယ်လို့ ပြောရမှာပါ” ဟု မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက ပြောသည်။

 

အဆိုပါ ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် အိမ်ခြေ(၈၀)ခန့်မှ မွေးမြူရေးလုပ်ငန်းအဖြစ် သိုး၊ ဆိတ် အကောင်ရေ တစ်သိန်းဝန်းကျင်ခန့်နှင့် ဝက်ကောင်ရေ ၁၀ဝ၀ ဝန်းကျင်ခန့် မွေးမြူထားရာ ယခုနှစ် ဈေးနှုန်းကောင်းသဖြင့် မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)