ရန်ကုန် ဇူလိုင် ၂၇
နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ လူငယ် လက်ရွေးစင်အသင်း ဖွဲ့စည်းရန် လူရွေးပွဲ ဒုတိယနေ့ကို ဇူလိုင် ၂၇ ရက် ညနေပိုင်းက သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။
လူရွေးပွဲကို လေးပွင့်ဆိုင် ကျင်းပလျက်ရှိပြီး မြန်မာ ယူ-၁၉ အသင်းက Falcon အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ MNL U-20 All Star အသင်းက U-18 State & Regional All Star အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ဒုတိယနေ့အပြီးတွင် မြန်မာ ယူ-၁၉ အသင်းနှင့် MNL U-20 All Star အသင်းက နှစ်ပွဲ စလုံး အနိုင်ရရှိကာ ခြောက်မှတ်စီရရှိထားပြီး Falcon အသင်းနှင့် U-18 State & Regional All Star အသင်းတို့မှာမူ အမှတ်မရသေးပေ။ ဇူလိုင် ၂၀ ရက်က ကျင်းပ သည့် လူရွေးပွဲ ပထမနေ့တွင် မြန်မာ ယူ-၁၉ အသင်းက ယူ-၁၈ State & Regional All Star အသင်းကို ငါးဂိုး-ဂိုးမရှိ၊ MNL U-20 All Star အသင်းက Falcon အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
လူရွေးပွဲ နောက်ဆုံးနေ့အဖြစ် ဇူလိုင် ၂၈ ရက်တွင် မြန်မာ ယူ-၁၉ အသင်းနှင့် MNL U-20 All Star အသင်း၊ Falcon အသင်းနှင့် ယူ-၁၈ State & Regional All Star အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MFF


