ရန်ကုန်     ဇူလိုင်     ၂၇

၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု(B) ဒုတိယနေ့ကို ဇူလိုင် ၂၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီးမြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းနှင့် အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စု(B)   ဒုတိယနေ့အဖြစ်  ယနေ့ မြန်မာစံတော်ချိန်  ညနေ  ၄ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံရှိ New Clark City Athletics ကွင်း၌ ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်း၊ မြန်မာစံတော်ချိန်  ည ၇  နာရီခွဲတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ  ကွာလာလမ်ပူကွင်း၌ မလေးရှားအသင်းနှင့် လာအိုအသင်း တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် အဖွင့်ပွဲတွင် အရေးနိမ့်ထားသဖြင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်အတွက် ယခုပွဲမှာအဆုံးအဖြတ် ဖြစ်နေသည်။ မြန်မာအသင်းသည် ယခုပွဲတွင်အနိုင်ရမှသာ ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်ပြီး သရေ သို့မဟုတ် အရေးနိမ့်ပါက အခွင့်အရေးဆုံးရှုံးရန် သေချာသလောက်ဖြစ်သွားမည်ဖြစ်သည်။ မြန်မာအသင်းသည် မလေးရှားနှင့်ပွဲအပြီး နောက်ရက်မှာပင် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ပွဲပန်း၊ ခရီးပန်းသည့်ဒဏ် ခံစားရနိုင်သော်လည်းဖိလစ်ပိုင်အသင်းက ယခုမှ ပထမပွဲကစားရမည်ဖြစ်ရာ အသာရနေသည်။

မြန်မာအသင်းသည် မလေးရှားအသင်းနှင့်ပွဲတွင် ကစားပုံကောင်းခဲ့သလို ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ဂိုးများပြန်ပေးခဲ့ရသဖြင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်း နည်းပြချုပ် အန်ဒါဆန်အနေဖြင့် ယခုပွဲတွင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အနည်းငယ်သာ ပြုလုပ်ဖွယ်ရှိနေသည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - စိုးညွန့်သော်