ခေတ်ဉာဏ်ထွန်း (Keio University)
(ယမန်နေ့မှ အဆက်)
ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် ပြည်သူများနှင့် အနီးစပ်ဆုံးအခွန်
ထို့နောက် ဦးကျော်လွင်က စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ညွှန်ပြရင်း ပြောလိုက်သည်။
“အခု ဒုတိယအခွန်တစ်ခုအကြောင်း ပြောကြရအောင်။ ဒါကတော့ ကျုပ်တို့နေ့စဉ်ဘဝနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန်ပဲ။ ကျုပ်တို့ နေ့စဉ်ကုန်ပစ္စည်းတွေ ဝယ်တယ်၊ ဝန်ဆောင်မှုတွေ ရယူတယ်။ လုပ်ငန်းရှင်တွေကလည်း ကုန်ပစ္စည်းထုတ်လုပ်တယ်၊ ပြည်ပကနေ တင်သွင်းတယ်၊ ဝန်ဆောင်မှုတွေပေးတယ်။ ဒီလုပ်ငန်းဆောင်ရွက်မှုတွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်ပါတယ်”
ဦးဆန်းက ချက်ချင်းသဘောပေါက်သွားသည်။
“ဒါဆို ကျုပ်တို့ ကိုရဲဆိုင်မှာ လက်ဖက်ရည်ဖိုးရှင်းတိုင်း ပြေစာအပေါ် အခွန်အမှတ် တံဆိပ်ကပ်ပြီး အခွန်ကိုပေးရတာ ကုန်သွယ်လုပ်ငန်းခွန်ပေါ့”
“မှန်တယ်” ဟု ဦးကျော်လွင်က ပြောလိုက်ရာ ကိုရဲ၏ မျက်နှာပေါ်တွင် စိုးရိမ်သည့် အရိပ်အယောင်တစ်ခုပေါ်လာသည်။
“ဒါဆို ကျွန်တော်တို့တွေက နေ့စဉ် ဆန်ဝယ်တယ်၊ ဆီဝယ်တယ်၊ ဆေးဝယ်တယ်၊ အဲဒီလို နေ့စဉ်မဖြစ်မနေအသုံးပြုနေရတဲ့ ကုန်စည်တွေအပေါ် အခွန်ပေးနေရရင် အခြေခံပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်နိုင်ဘူးလား ဆရာ”
ဦးကျော်လွင်က လက်ဖက်ရည်ခွက်ကို လက်ဖြင့်ပွတ်သပ်ကာ ခေတ္တစဉ်းစားပြီးနောက် ဆက်လက်ရှင်းပြသည်။
“သာမန်အားဖြင့်တော့ ကိုရဲ စဉ်းစားတာမှန်ပါတယ်။ ကုန်သွယ်လုပ်ငန်းခွန်က သွယ်ဝိုက်ခွန် (Indirect Tax) ဖြစ်ပြီးတော့ စားသုံးမှုအပေါ် ကောက်တဲ့အခွန်လည်းဖြစ်တဲ့အတွက် သူ့ရဲ့ပင်ကိုသဘော သဘာဝကိုက ကုန်ဈေးနှုန်းအပေါ်မှာ သက်ရောက်မှုရှိနိုင်တယ်။ ဒါကြောင့်ပဲ နိုင်ငံတော်အနေနဲ့ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးကို မထိခိုက်စေဖို့နဲ့ မမျှတတဲ့ အခွန်ဝန်ထုပ်ဝန်ပိုး မကျရောက်စေဖို့ကို ထည့်သွင်းစဉ်းစားပြီးတော့ စားသောက်ကုန်တို့၊ ဆေးဝါးတို့အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ကုန်စည်တွေနဲ့ ဝန်ဆောင်မှုတွေအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် ပြုပေးထားပါတယ်။
“၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာဆိုရင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ဥအမျိုးမျိုး အပါအဝင် အခြေခံစားသောက်ကုန်တွေ၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုင်ရာ ကုန်စည်တွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းသုံးစက်တွေအပါအဝင် စက်မှု လုပ်ငန်းသုံးကုန်စည်တွေ၊ အိမ်သုံးဆေး၊ လူသုံးဆေး၊ တိုင်းရင်းဆေးတို့ အပါအဝင် ပြည်သူလူထုအတွက် အခြေခံလိုအပ်တဲ့ကုန်စည် ၄၆ အုပ်စုနဲ့ ကျန်းမာရေး၊ ပညာရေး၊ ခရီးသည်နှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး၊ ငွေရေးကြေးရေး (ဘဏ်ဝန်ဆောင်မှု) စတဲ့ အခြေခံ ဝန်ဆောင်မှု ၃၄ အုပ်စုကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားတယ်”
ကိုရဲက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“အော်…ဒါကြောင့် ဈေးထဲက ကျုပ်အစ်မရဲ့ ဆန်ဆိုင်ကို ကုန်သွယ်လုပ်ငန်းခွန်မကောက်တာကိုး။ အခုမှပဲ သဘောပေါက်တော့တယ်။ ဒါနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားကရော ဘယ်လောက်လဲ ဆရာ” ဟု ကိုရဲက မေးလိုက်ရာ….
“မြန်မာနိုင်ငံမှာ အဓိက ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားက ၅ ရာခိုင်နှုန်းပဲ ဖြစ်တယ်။ ဟိုတယ်နဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတို့၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတို့၊ ရွှေထည် လက်ဝတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းတို့ဆိုရင် ၃ ရာခိုင်နှုန်းနဲ့ပဲ ကောက်ခံတယ်။ အာဆီယံဒေသတွင်း နိုင်ငံအများစုမှာတော့ ၅ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ ရှိတတ်ကြတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်လုပ်ငန်းခွန်နှုန်းထားကတော့ အနိမ့်ဆုံးအုပ်စုထဲမှာပါတယ်” ဟု ဦးကျော်လွင်က ရှင်းပြလေသည်။
ဦးဆန်းက ရုတ်တရက် သတိရသွားဟန်ဖြင့် ပြောလိုက်သည်။
“ဆရာရေ... ကျုပ်ဗျာ မြို့ထဲမှာ စတိုးဆိုင်တစ်ခု ဖွင့်မလား စဉ်းစားနေတာ။ အဲဒါကြောင့် ကုန်သွယ်လုပ်ငန်းခွန်နဲ့ ပတ်သက်ပြီး ဘာတွေလိုက်နာရမှာလဲဗျ”
ကိုရဲက ရယ်မောရင်း “အဲဒါဆို ကိုဆန်းက လုပ်ငန်းတိုးချဲ့ဖို့ ခြေလှမ်းစတော့မယ်ပေါ့” ဟု ပြောလိုက်သည်။
ဦးကျော်လွင်က ပြုံးလိုက်ပြီးနောက် “ကိုဆန်းရေ…လုပ်ငန်း စမယ်ဆိုရင် ဆိုင်ခန်းငှားရုံ၊ ပစ္စည်းဝယ်ရုံနဲ့ မပြီးဘူးဗျ။ ဥပဒေနဲ့အညီ လုပ်ငန်းကို စတင်နိုင်ဖို့ အခွန်ကိစ္စတွေကိုလည်း စနစ်တကျဆောင်ရွက် ဖို့လိုတယ်။ ဥပမာလုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆိုရင် ပထမဆုံးတာဝန်က လုပ်ငန်းမစခင် တစ်လအလိုမှာ သက်ဆိုင်ရာအခွန်ရုံးကိုသွားပြီး မှတ်ပုံတင်ထားရမယ်။ နောက်ပြီး လုပ်ငန်းစတဲ့နေ့ကစပြီး ၁၀ ရက်အတွင်း လုပ်ငန်းစတင်ကြောင်းကို အခွန်ရုံးကို အကြောင်း ကြားရမယ်။ တတိယအနေနဲ့ ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ အပေါ် ကျသင့်တဲ့ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူထံကနေ တစ်ပါတည်းကောက်ခံပြီး သက်ဆိုင်ရာလကုန်ဆုံးပြီး ၁၀ ရက်အတွင်း အခွန်ရုံးကို ပေးသွင်းရမှာ ဖြစ်တယ်။
“ နောက်ပြီး စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်း၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်း၊ ရွှေထည်လက်ဝတ်ရတနာ ရောင်းချတဲ့လုပ်ငန်းတွေဆိုရင် စားသုံးသူ (customer)ကို ထုတ်ပေးတဲ့ ပြေစာတွေပေါ်မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပြီးမှ ရောင်းချရမှာဖြစ်တယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက် အခွန်အမှတ်တံဆိပ်တွေကို သက်ဆိုင်ရာအခွန်ရုံးကနေ ထုတ်ယူထားရတယ်”
“ပဉ္စမအချက်အနေနဲ့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သုံးလပတ် ကြေညာလွှာကို သက်ဆိုင်ရာသုံးလပတ်ကုန်ဆုံးပြီး တစ်လအတွင်း တင်သွင်းရမယ်။ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာကိုတော့ ဘဏ္ဍာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း တင်သွင်းရမှာ ဖြစ်တယ်။ ဒါပေမဲ့ MSME လုပ်ငန်းတွေ အဆင်ပြေစေဖို့နဲ့ ဒီလုပ်ငန်းလေးတွေကနေ ကုန်ပစ္စည်းတွေ ဝယ်ယူကြတဲ့ အခြေခံပြည်သူတွေ သက်သာစေဖို့အတွက် ပံ့ပိုးထားတာတွေလည်း ရှိပါတယ်။ ဥပမာတစ်နှစ်ရောင်းရငွေ ဒါမှမဟုတ် ဝန်ဆောင်မှုရငွေကျပ်သိန်း ၅၀၀ မကျော်ရင် ကုန်သွယ် လုပ်ငန်းခွန်မှတ်ပုံတင်တာတို့၊ အခွန်ကောက်ခံတာတို့၊ ကြေညာလွှာ တင်သွင်းတာတို့ကို မဖြစ်မနေဆောင်ရွက်ဖို့ မလိုပါဘူး”
ထိုစဉ် ကိုရဲက “ဆရာ ကျုပ် အခွန်ရုံးသွားတော့ တစ်နှစ်ရောင်း ရငွေကျပ်သိန်း ၅၀၀ မကျော်ပေမယ့် မှတ်ပုံတင်ချင်လို့ဆိုပြီး လာလျှောက်ကြတဲ့သူတွေ ကြုံဖူးတယ်။ ကျုပ်လည်း သိချင်တာနဲ့ အခွန်မှူး ကို မေးကြည့်ဖူးတယ်” ဆိုပြီး သူ၏အတွေ့အကြုံကို မျှဝေလာသည်။
“ရောင်းရငွေ ကျပ်သိန်း ၅၀၀ မကျော်ရင် ဥပဒေအရ မဖြစ်မနေ မှတ်ပုံတင်စရာမလိုပေမဲ့ မိမိရဲ့လုပ်ငန်းလိုအပ်ချက်အရ ဆန္ဒအလျောက် မှတ်ပုံတင်ခွင့်ရှိတယ်။ ဒီလို မှတ်ပုံတင်ခွင့်ပြုခြင်းရဲ့ အဓိက အကျိုးကျေးဇူးကတော့ အခွန်ခုနှိမ်ခွင့်ရရှိစေတာနဲ့ လုပ်ငန်းကြီးတွေနဲ့ ချိတ်ဆက်နိုင်တဲ့ အခွင့်အလမ်းရရှိစေတာပါ။
“ဥပမာ ကိုဆန်းက မုန့်တိုက်ကြီးဖွင့်လိုက်ပြီဆိုပါစို့။ ပေါင်မုန့်ကောင်းကောင်းတစ်လုံးရဖို့ ဂျုံမှုန့်ဝယ်ရမယ်၊ ထောပတ်ဝယ်ရမယ်။ အဲဒီကုန်ကြမ်းတွေဝယ်တဲ့အခါမှာ ကုန်သွယ်လုပ်ငန်းခွန်လည်း ပါလာမယ်။ အဲဒါကို သွင်းအားစုအခွန်လို့ ခေါ်တယ်။ ဒါပေမဲ့ ကိုဆန်းက မှတ်ပုံတင်ထားတဲ့ လုပ်ငန်းရှင်ဖြစ်နေမယ်ဆိုရင် ပေါင်မုန့်ရောင်းတဲ့အခါ စားသုံးသူဆီက ကောက်ခံရရှိတဲ့ အခွန်ထဲကနေ ကုန်ကြမ်းဝယ်တုန်းက ပေးထားတဲ့အခွန်တွေကို ပြန်ခုနှိမ်ခွင့်ရမယ်။ အဲဒီအချိန်မှာ တခြားလူတစ်ယောက်ကလည်း ပေါင်မုန့်ထုတ်လုပ်ပေမယ့် ကုန်သွယ် လုပ်ငန်းခွန်မှတ်ပုံမတင်ထားဘူးဆိုရင် ကိုဆန်းရဲ့ ကုန်ထုတ်လုပ်မှု စရိတ်က သူ့ထက် ပိုသက်သာနေမယ်။
“ဒါတင်မကသေးဘူး။ အခုခေတ်မှာ ကုမ္ပဏီကြီးတွေ၊ ဟိုတယ်ကြီးတွေ၊ စူပါမားကတ်ကြီးတွေဟာ ပစ္စည်းတွေဝယ်တော့မယ်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ထားတဲ့လုပ်ငန်းတွေဆီကပဲ ဝယ်ယူ လိုကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ဝယ်လိုက်တဲ့ ပစ္စည်းအတွက် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ထားကြောင်း သက်သေခံလက်မှတ်ရမှသာ သူတို့လည်း အခွန်ပြန်ခုနှိမ်ခွင့်ရရှိမှာမို့လို့ပဲ”
ဦးဆန်းက စားပွဲကို လက်ချောင်းများဖြင့် အသာခေါက်ရင်း တစ်ခုခုကို စဉ်းစားတွက်ချက်နေဟန်ဖြင့် -
“ဒါဆို ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်တယ်ဆိုတာ တာဝန်တစ်ခုတင်မဟုတ်ဘဲ လုပ်ငန်းဖွံ့ဖြိုးဖို့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်တာပေါ့” ဟု ဆိုလိုက်သည်။
နိုင်ငံသားများ၏ အခွန်ဆိုင်ရာအခွင့်အရေးနှင့် တာဝန်
ကိုရဲက ခေတ္တငြိမ်သက်ကာ စဉ်းစားပြီးနောက် မေးလိုက်သည်။
“ဆရာ... အခွန်ထမ်းပြည်သူတွေရဲ့ တာဝန်တွေကိုတော့ အတန်အသင့်သိလာပါပြီ။ ကျုပ်တို့ အခွန်ထမ်းပြည်သူတွေဘက်က တောင်းဆိုနိုင်တဲ့ အခွင့်အရေးတွေရော မရှိဘူးလားဗျ။”
ဦးကျော်လွင်က “ကိုရဲရေ... ဒါက အလွန်အရေးကြီးတဲ့ မေးခွန်းပဲ။ လူတော်တော်များများက အခွန်နဲ့ပတ်သက်ရင် တာဝန်တွေချည်းပဲ ရှိတယ်လို့ ထင်တတ်ကြတယ်။ တကယ်တော့ အခွန်စနစ်က တာဝန်နဲ့ အခွင့်အရေးကို မျှမျှတတချိန်ညှိထားတဲ့ စနစ်တစ်ခုဖြစ်တယ်။ အခွန်ထမ်းဆိုတာ အခွန်ပေးရသူ သက်သက်ပဲမဟုတ်ဘူး။ အခွန်ဆိုင်ရာကင်းလွတ်ခွင့်တွေ၊ သက်သာခွင့်တွေအပြင် ဥပဒေအရ အကာ အကွယ်ပေးထားတဲ့ အခွင့်အရေးတွေကိုလည်း အပြည့်အဝရရှိထားသူ ဖြစ်တယ်”
ဦးဆန်းကလည်း စိတ်ဝင်တစား နားစွင့်နေသည်။
“အခွန်ထမ်းတိုင်း သိထားသင့်တဲ့ အဓိက အခွင့်အရေးတွေ ရှိပါတယ်။ ပထမအခွင့်အရေးက မိမိလိုက်နာရမယ့် အခွန်ဥပဒေတွေနဲ့ ညွှန်ကြားချက်တွေကို သိရှိနားလည်ခွင့်ဖြစ်တယ်။ ဒါကြောင့်လည်း အခွန်ဌာနက အခွန်ဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်အသိပေးနေတာဖြစ်သလို၊ အခွန်ထမ်းဝန်ဆောင်မှုရုံးတွေ ဖွင့်လှစ်ပေးတာတို့၊ အီလက်ထရောနစ်စနစ်နဲ့ အခွန်ပေးဆောင်မှု၊ ကြေညာလွှာ တင်သွင်းနိုင်အောင် စီမံဆောင်ရွက်ပေးတာတို့၊ e-Services Help Desk Center ဖွင့်တာတို့ကို ဆောင်ရွက်ပေးထား တာဖြစ်တယ်”
ဦးဆန်းက ခေါင်းညိတ်လိုက်သည်။
“အခွန်ဥပဒေကို ပြည့်ပြည့်ဝဝသိမှလည်း အခွန်တာဝန်ကိုလည်း မှန်မှန်ကန်ကန် လိုက်နာနိုင်မှာပေါ့ ဆရာ။”
“အမှန်ပါပဲ ကိုဆန်း။ ဒုတိယအချက်ကတော့ မှန်ကန်မျှတတဲ့ စည်းကြပ်မှုကို ရရှိပိုင်ခွင့်ဖြစ်တယ်။ မိမိရဲ့လုပ်ငန်းနဲ့ ပတ်သက်တဲ့ စာရင်းဇယားတွေ၊ အထောက်အထားတွေကို စနစ်တကျသိမ်းဆည်း ထားမယ်ဆိုရင် မိမိရဲ့ဝင်ငွေအမှန်အပေါ်မှာပဲ တိကျမှန်ကန်စွာ စည်းကြပ်မှု ခံယူနိုင်ခွင့်၊ တစ်နည်းအားဖြင့် ဥပဒေကြောင်းအရ ရဲရဲဝံ့ဝံ့ တင်ပြတောင်းဆိုနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ တတိယအချက်က ပိုမိုပေးဆောင်ခဲ့တဲ့ အခွန်တွေကို ပြန်အမ်းငွေအဖြစ် တောင်းခံခွင့်ဖြစ်တယ်။ အခွန်ထမ်းတစ်ယောက်က အခွန်ကို ကျသင့်တာထက် ပိုမိုပေးဆောင်မိခဲ့ရင် ၆ နှစ်အတွင်း ဥပဒေနဲ့အညီ ပြန်အမ်းငွေ တောင်းခံနိုင်တယ်။ စတုတ္ထအချက်က လုပ်ငန်းဆိုင်ရာ အချက်အလက်တွေကို လျှို့ဝှက်စွာ ကာကွယ်ထိန်းသိမ်းခွင့်ဖြစ်တယ်။ မိမိရဲ့ လုပ်ငန်းစာရင်း တွေ၊ ငွေကြေးဆိုင်ရာ အချက်အလက်တွေကို ဥပဒေနဲ့အညီ လုံခြုံစွာ ထိန်းသိမ်းပေးဖို့ အခွန်ဌာနမှာ တာဝန်ရှိတယ်။ ပဉ္စမအချက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်အမီ အခွန်မပေးဆောင်နိုင်ရင်၊ ဒါမှမဟုတ် ကြေညာလွှာမတင်နိုင်ရင် အခွန်ပေးဆောင်ရမယ့် ရက်တို့၊ ကြေညာလွှာတင်သွင်းရမယ့်ရက်တို့ကို တိုးမြှင့်ပေးဖို့ လျှောက်ထားခွင့်ရှိတယ်။
“ဆဋ္ဌမအချက်က အခွန်မှူးရဲ့ အခွန်စည်းကြပ်မှုကို မကျေနပ်ဘူးဆိုရင် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ပြန်လည်သုံးသပ်ပေးဖို့ လျှောက်ထားနိုင်သလို အခွန်အယူခံခုံအဖွဲ့ကိုလည်း အယူခံလျှောက်ထားနိုင်တယ်”
ဦးဆန်းက ခေါင်းတညိတ်ညိတ်ဖြင့် "အော်... အခွန်ထမ်းပြည်သူ တွေဘက်က ရပိုင်ခွင့်တွေကလည်း တကယ်ကို အခိုင်အမာပါလား ဆရာ”
“ဟုတ်တာပေါ့ ကိုဆန်း။ အခွင့်အရေးရှိသလို တာဝန်တွေလည်း ရှိတယ်”
“နိုင်ငံသားကောင်းတစ်ဦးရဲ့ အခွန်နဲ့ပတ်သက်တဲ့ အဓိက တာဝန်တွေကတော့ -
(၁) မှတ်ပုံတင်ဖို့ လိုအပ်တဲ့ လုပ်ငန်းဆိုရင် မှတ်ပုံတင်လျှောက်ထားရန်၊
(၂) မိမိရဲ့ ဝင်ငွေကို မှန်မှန်ကန်ကန် ကြေညာရန်၊
(၃) ဝင်ငွေ၊ ထွက်ငွေနဲ့ ပတ်သက်တဲ့ စာရင်းမှတ်တမ်းတွေကို စနစ်တကျ ထိန်းသိမ်းထားရှိရန်၊
(၄) အခွန်ကြေညာလွှာတွေကို အချိန်မီတင်သွင်းရန်၊
(၅) ကျသင့်တဲ့အခွန်တွေကို အချိန်မီပေးဆောင်ရန် တို့ပဲဖြစ်တယ်။
“ဒီတာဝန်တွေကို ကျေပွန်စွာလိုက်နာခြင်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၈၉ မှာ ပါတဲ့ ဥပဒေနှင့်အညီ အခွန်အကောက်များကို ပေးဆောင်ခြင်းဆိုတဲ့ နိုင်ငံသားကောင်းတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ခြင်းလည်းဖြစ်သလို မိမိတို့ လူ့အဖွဲ့အစည်းအတွက် ရင်းနှီးမြှုပ်နှံခြင်းလည်း ဖြစ်ပါတယ်”
အခွန်ယဉ်ကျေးမှုဆိုရာဝယ်
ဦးကျော်လွင်က လက်ဖက်ရည်တစ်ကြိုက် သောက်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ကိုဆန်းနဲ့ ကိုရဲရေ... ဒီနေ့ ကမ္ဘာပေါ်က ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအများအပြားကို လေ့လာကြည့်လိုက်ရင် ပြည်သူတွေက အခွန်တာဝန်ကို အလေးထားလိုက်နာကြတဲ့ အခွန်ယဉ်ကျေးမှုကောင်းတွေကို တွေ့မြင်ရတတ်တယ်။ သူတို့နိုင်ငံတွေမှာ အခွန်ပေးဆောင်တာကို လူ့အဖွဲ့အစည်းအတွက် တာဝန်ကျေတဲ့ နိုင်ငံသားတွေရဲ့ တာဝန်လို့ ခံယူကြတယ်။ အဲဒီအကြောင်းပြောရင်း ကျုပ်ဂျပန်နိုင်ငံကို ရောက်တုန်းက အကြောင်းအရာလေးတစ်ခုကို သတိရသွားတယ်။
“ဂျပန်မှာက အချိန်ပိုင်းအလုပ် (Arubaito) အချို့မှာ လုပ်ခကို ငွေသား(cash)ကို လက်ရောက်ပေးချေတာမျိုး ရှိတတ်ကြပြီး အဲဒီလို အလုပ်မျိုးတွေကို နိုင်ငံခြားကလာတဲ့ ကျောင်းသားတွေ လုပ်ကိုင် ကြတာများတယ်။ ဂျပန်လူမျိုးအများစုကတော့ အချိန်ပိုင်းအလုပ်ဆိုရင် တောင်လစာကို ငွေသားနဲ့မယူဘဲ ဘဏ်စာရင်းကတစ်ဆင့်ပဲ လက်ခံကြတာများပါတယ်။ ကျုပ်က ဂျပန်မိတ်ဆွေတစ်ဦးအား လစာကို ဘဏ်စာရင်းကနေ လက်ခံရင် အခွန်ကို တိတိကျကျ ပေးဆောင်ရမှာပေါ့။ ဒါပေမဲ့ ဂျပန်တွေက လစာကို ဘဏ်စာရင်းကနေ လက်ခံကြတာကို ပိုသဘောကျပုံပဲနော်လို့ မေးကြည့်ဖူးတယ်။
“သူက ပြုံးပြီး ဂျပန်မှာအခွန်ကို မှန်မှန်ကန်ကန်မပေးဘူး၊ ဒါမှမဟုတ် ဝင်ငွေကို ထိမ်ချန်ဖော်ပြတယ်လို့အများက သိသွားရင် ငွေကြေးဆုံးရှုံးတာထက် လူမှုအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ဆုံးရှုံးမှုက ပိုကြီးမားတယ်။ အခွန်ကို ရိုးသားစွာပေးဆောင်တာဟာ လူ့အဖွဲ့ အစည်းအပေါ် တာဝန်ကျေပွန်ပြီး ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသား တစ်ယောက်ရဲ့ ကျင့်ဝတ်တစ်ခု ဖြစ်တယ်။
“နောက်ပိုင်း ဂျပန်နိုင်ငံရဲ့ အခွန်ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး လေ့လာကြည့်တော့ကလေးတွေကို မူလတန်းကျောင်းမှာကတည်းက ကျောင်း၊ ဆေးရုံ၊ စာကြည့်တိုက်၊ ပန်းခြံ၊ လမ်း၊ တံတား စတဲ့ အများ ပြည်သူအသုံးပြုတဲ့ အဆောက်အအုံတွေဟာ ပြည်သူတွေ ထည့်ဝင်ထားတဲ့ အခွန်ဘဏ္ဍာငွေနဲ့ တည်ဆောက်ထားတာဆိုတဲ့ အသိအမြင်ရအောင် ပြုစုပျိုးထောင်ပေးကြတယ်လို့ သိလာရတယ်။
“အဲဒီလို သိလာပြီးနောက်ပိုင်း ကျုပ်တွေးမိတာတစ်ခုက ပြည်သူအများက အခွန်ပေးဆောင်ခြင်းကို မိမိတို့လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူဖွယ်ရာ တာဝန်တစ်ရပ်ဆိုတာ နားလည်လက်ခံလာတဲ့အခါ အခွန်ယဉ်ကျေးမှုက တဖြည်းဖြည်း အမြစ်တွယ်ခိုင်မာလာတာ ဖြစ်မယ်လို့ ကျုပ်ယူဆမိတယ်။ နောက်ပြီး အခွန်ဌာနနဲ့အတူ ကဏ္ဍအသီးသီးက တာဝန်ရှိသူများအနေနဲ့လည်း အတူပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အခွန်ယဉ်ကျေးမှုက ပိုမိုထွန်းကားလာမှာဖြစ်တယ်”
နိဂုံး
ဦးဆန်းက အပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“ဒါဆို အခွန်ယဉ်ကျေးမှုထွန်းကားဖို့ ကျုပ်တို့တွေကလည်း ကိုယ့်တာဝန်ကို ဂုဏ်ယူစွာနဲ့ ထမ်းဆောင်ဖို့ လိုမှာပေါ့ဗျာ”
ဦးကျော်လွင်က “အမှန်ပဲ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အစိုးရတစ်ဖွဲ့တည်းရဲ့ တာဝန်မဟုတ်ဘူး။ ပြည်သူတစ်ဦးချင်းစီရဲ့ တာဝန်ယူစိတ်၊ စည်းကမ်းလိုက်နာစိတ်နဲ့ ပူးပေါင်းပါဝင်မှုတွေပေါ်မှာလည်း မူတည်တယ်။ ဒါကြောင့်မို့ အခွန်ကို မှန်မှန်ကန်ကန် ပေးဆောင်ခြင်းဆိုတာ နိုင်ငံတော်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ မိမိကိုယ်တိုင် ပါဝင်နေခြင်းပဲ ဖြစ်တယ်”
ဦးဆန်းနဲ့ ကိုရဲတို့က ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။
ဦးကျော်လွင်က လက်ဖက်ရည်ကိုကုန်အောင် သောက်လိုက်ပြီး ပုဆိုးခါးပုံစကို ပြင်လိုက်ရင်း ရယ်မောကာ ပြောလိုက်သည်။
“ကဲ... ကိုရဲ... အခွန်အကြောင်းအများကြီး ဆွေးနွေးလို့ပြီးပြီဆိုတော့ လက်ဖက်ရည်ဖိုး ရှင်းမယ်ကွာ။ ပြေစာပေါ်မှာ အခွန်အမှတ် တံဆိပ်ကပ်ဖို့မမေ့နဲ့နော်..”
“စိတ်ချပါ ဆရာ။ ဒီနေ့ကစပြီး ကျုပ်ကလည်း နိုင်ငံသားကောင်း တစ်ယောက်ရဲ့ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်တော့မှာပါ” ဟု ကိုရဲက ပြန်ဖြေလိုက်သည်။
စကားဝိုင်းကတော့ ထိုသို့ ရယ်ရယ်မောမောဖြင့် အဆုံးသတ်သွား ခဲ့သည်။
သို့သော် အခွန်နှင့်ပတ်သက်၍ အတွေးအမြင်သစ်များ၊ နိုင်ငံသားကောင်းပီပီ အခွန်တာဝန်ကျေပွန်လိုစိတ်များကတော့ သူတို့၏ စိတ်ထဲတွင် ဆက်လက်ရှင်သန်နေခဲ့လေသည်။
ထို့ကြောင့် ကျွန်တော်တို့နိုင်ငံသားတိုင်းသည် အခွန်ဆိုင်ရာ အခွင့်အရေးများကို မှန်ကန်စွာ သိရှိနားလည်ပြီး အခွန်ဆိုင်ရာ တာဝန်များကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကျေပွန်အောင်ထမ်းဆောင် ကြပါစို့ ဟု တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါသည်။
ဆောင်းပါးကောက်နုတ်ချက်
အခွန်ပေးဆောင်ခြင်းသည်မိမိတို့အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းနှင့် နိုင်ငံတည်ဆောက်ရေးတွင် ကိုယ်တိုင်ပါဝင်ခြင်း ဖြစ်သည်။
ပြည်သူလူထု၏ စားဝတ်နေရေး အဆင်ပြေရန်အတွက် အခြေခံ ကုန်စည်နှင့်အများပြည်သူဝန်ဆောင်မှုများကို ကုန်သွယ်လုပ်ငန်း ခွန်ကင်းလွတ်ခွင့်ပြုထားသည်။
MSME များသည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခွန်မူဝါဒပိုင်းကနေလည်း ပံ့ပိုးဆောင်ရွက်ပေးထားပါသည်။
အခွန်ထမ်းဆိုတာ အခွန်ပေးရသူ သက်သက်ပဲမဟုတ်ဘူး။ အခွင့်အရေးတွေကိုလည်း အပြည့်အဝရရှိထားသူဖြစ်တယ်။
ကိုးကား
၁။ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ
၂။ ပြည်တွင်းအခွန်များဦးစီးဌာနဝက်ဘ်ဆိုက် (www.ird.gov.mm)
၃။ Schenk, A., Thuronyi, (2015) Value Added Tax: A Comparative Approach. 2nd edn.


