ရန်ကုန်   ဇူလိုင်   ၂၆

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ  ပွဲစဉ် ၇ ကို ဇူလိုင် ၂၇ ရက် မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှ အသင်းများ ထိပ်တိုက်တွေ့ဆုံ လျက်ရှိသည်။

ပွဲစဉ် ၇ အဖြစ် ဇူလိုင် ၂၇ ရက်(ယနေ့)တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ YUSC ကွင်း၌ ရတနာပုံအသင်းနှင့် ဧရာဝတီအသင်း၊ ဇူလိုင် ၂၈ ရက်တွင် YUSC ကွင်း၌ Young Lionesses အသင်းနှင့် ဇွဲကပင်ယူနိုက်တက်အသင်း၊ ဇူလိုင် ၂၉ ရက်တွင် ပဒုမ္မာကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၁ ၌ မြဝတီအသင်းနှင့် သစ္စာအားမာန်အသင်းတို့  ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယခုတစ်ပတ်တွင်    ဒုတိယနေရာမှ ဧရာဝတီအသင်းနှင့် အဆင့် ၅ နေရာမှ ရတနာပုံအသင်း၊ အဆင့် ၃ နေရာမှ  ရှမ်းယူနိုက်တက်အသင်းနှင့် အဆင့် ၄ နေရာမှ ရန်ကုန်ယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံ လျက်ရှိသည်။ ရတနာပုံအသင်းသည် ပွဲစဉ် ၆ တွင် ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်းကိုသရေကစားထားသဖြင့် လက်ရှိချန်ပီယံ ဧရာဝတီအသင်း ပေါ့ဆမရသည့်အခြေအနေဖြစ်နေသည်။ နိုင်ပွဲဆက်နေသည့် ရှမ်းယူနိုက်တက်အသင်းမှာလည်း အိမ်ကွင်း၌ ရန်ကုန်ယူနိုက်တက်နှင့် ကစားရမည်ဖြစ်ပြီး တတိယနေရာအတွက် နှစ်သင်းစလုံး အရေးပါနေသည်။

 ပွဲစဉ်  ၆ အပြီးတွင်   အား/ကာသိပ္ပံ (ISPE) အသင်းက ၁၆ မှတ်၊ ဧရာဝတီအသင်းက ၁၅ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၃ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ၁၂ မှတ်၊ ရတနာပုံအသင်းက ၁၀ မှတ်၊  သစ္စာအားမာန်အသင်းက ခုနစ်မှတ်၊ Young Lionesses အသင်း နှင့် မြဝတီအသင်းက ခြောက်မှတ်စီ၊  ဇွဲကပင်ယူနိုက်တက်အသင်းက သုံးမှတ်ရထားပြီး ရန်ကုန်စီးတီးအသင်းက    ခြောက်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။          

သတင်း-ကိုညီလေး

ဓာတ်ပုံ-စိုးညွန့်သော်