မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၊ မြို့နယ်ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေး
 

 

နေပြည်တော် ဇူလိုင် ၂၅

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊ ဦးအုန်းခိုင်နှင့် ဒေါက်တာတင်ဌေးအိတို့သည် ဇူလိုင် ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ အောင်မြေသာစံမြို့နယ် တရားရုံးအချုပ်ခန်းနှင့် ချမ်းအေးသာစံမြို့နယ်ရှိ မြို့နယ်တရားရုံးအချုပ်ခန်းသို့လည်းကောင်း၊ ဇူလိုင် ၂၄ ရက်တွင် ချမ်းအေးသာစံမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ပုသိမ်ကြီးမြို့နယ်ရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ မြို့မရဲစခန်းအချုပ်ခန်းနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ ရဲစခန်းအချုပ်ခန်းသို့ လည်းကောင်း၊ ဇူလိုင် ၂၅ ရက်တွင် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့ရှိ ရဲစခန်းအချုပ်ခန်းများသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေး

 

ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်းများတွင် လက်ခံစောင့်ရှောက်ထားသော ကလေးလူငယ်များ၏ စိတ်ဒဏ်ရာ၊ လူမှုရေးအရ အပယ်ခံရမည်ကို စိုးရိမ်စိတ်နှင့် မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးခြင်းများ လျော့ပါးစေရန် စိတ်ဓာတ်ပြုပြင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနိုင်ရေးအတွက် စနစ်တကျ ချမှတ်ဆောင်ရွက်ထားရှိမှု၊ တရားရင်ဆိုင်ဆဲအမှုများ ကြန့်ကြာမှု ရှိ၊ မရှိ အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု၊ အိပ်ဆောင်များထားရှိမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှု၊ လူငယ်များ အား စာရိတ္တပြုပြင်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပြုစုပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်အောင် ပြုစုပျိုးထောင်ပေးမှု၊ ပညာသင်ကြားခွင့်၊ မိသားစုနှင့် ဆက်သွယ်/ တွေ့ဆုံ/ ပြန်လည်ပေါင်းစည်းခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့် ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ၊ မရှိ စသည့်အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြို့နယ်ရဲစခန်း အချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများအတွင်း နေထိုင်စဉ်နှင့် အမှုစစ်ဆေးစဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ၊ မရှိ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊ နေထိုင် စားသောက်ရေး စီစဉ်ပေးမှု၊ အချုပ်ခန်းများအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ၊ မရှိနှင့် တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့် ရရှိမှုအခြေအနေတို့ကို အချုပ်သား အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ မန္တလေးလူငယ်သင်တန်းကျောင်း၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၊ ရဲစခန်းအချုပ်ခန်းများနှင့် မြို့နယ်တရားရုံး အချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးမှုစစ်ဆေး တွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ သိရသည်။

 

သတင်းစဉ်