နေပြည်တော် ဇူလိုင် ၂၃
MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀)ကို ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် Falcon အသင်းတို့ အနိုင်ရရှိသည်။
ဇူလိုင် ၂၂ ရက်ကကျင်းပသည့်ပွဲတွင် ရန်ကုန်စီးတီးအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ရန်ကုန်စီးတီးအသင်းသည် ဦးဆောင်ဂိုးသွင်းယူပြီးမှ နှစ်ဂိုးပြန်ပေးရသဖြင့် နောက်မှလိုက်ကစားခဲ့ရကာ ချေပဂိုးပြန်သွင်းနိုင်သဖြင့် သေရေကျခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၂၃ ရက်က ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို လေးဂိုး-ဂိုးမရှိ၊ Falcon အသင်းက Chinland အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ရန်ကုန် ယူနိုက်တက်အသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး မြန်မာ ယူ-၁၇ လူငယ် လက်ရွေးစင်အသင်းဖြစ်သော Falcon အသင်းမှာလည်း အမှတ်ပြည့်ရယူနိုင်ခဲ့သည်။
ပွဲစဉ်(၁၀) တတိယနေ့ကို ဇူလိုင် ၂၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သီဟဒီပကွင်း၌ မြဝတီအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ ဗဟန်းမြက်ခင်းတုကွင်း၌ ရတနာပုံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - မောင်စံကြီး
ဓာတ်ပုံ - MNL


