နေပြည်တော် ဇူလိုင် ၂၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ ယနေ့တွင် ဖလမ်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းကို သွားရောက်ကြည့်ရှုကြပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်အတွက် ပညာရည်မြင့်မား၍ စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ ပညာရပ်များ တတ်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြန်လည်တာဝန် ထမ်းဆောင်စေရေး၊ နယ်စပ်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသား ပြည်သူလူထု၏ လူနေမှုအဆင့် အတန်းမြင့်မားရေးအတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ထက်သန်စေရေး ပြုစုပျိုးထောင် လေ့ကျင့်ပေးကြရန်မှာကြားသည်။

ဆက်လက်၍ သင်တန်းကျောင်းအတွင်းရှိ သင်တန်းခန်းမ၊ စားရိပ်သာ၊ အိပ်ဆောင်၊ အုပ်ချုပ်မှုရုံးခန်း၊ ဝန်ထမ်းအိမ်ရာများနှင့် သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုကြသည်။

နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း (ဖလမ်း)ကို ၂၀၀၃ ခုနှစ်တွင် ဖလမ်းမြို့ ထေရဝါဒသာသနာ ပြုဗဟိုကျောင်း၌ ယာယီအကြို စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်ရှိ ဧရိယာအကျယ်အဝန်း ၇ဒသမ ၄၅၁ ဧကသို့ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ကြောင်းနှင့် အလယ်တန်း ကျောင်းသားအဆင့်မှအထက်တန်း ကျောင်းပြီးဆုံးသည်အထိ တာဝန်ယူ လေ့ကျင့်ပေးသည့် သင်တန်းကျောင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်အကြောင်း သိကောင်းစရာရှင်းလင်း ဆွေးနွေးပွဲသို့ တက်ရောက်အားပေးကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး) ဦးကျော်မင်းအေးက သာမန်ပြုပြင်ခြင်း(Minor Repair)၊ အကြီးစားပြုပြင်ခြင်း (Major Repair)၊ အဆင့်မြှင့်တင် အကြီးစား ပြုပြင်ခြင်း (Major Repair and Retrofit) နှင့် အဆောက်အအုံအသစ်များ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် လိုက်နာရမည့် ပြုပြင်ခြင်းဆိုင်ရာ နည်းစနစ်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများကသိရှိလိုသည်များကို မေးမြန်းမှုအပေါ် အသေးစိတ် ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးက အကြမ်းဖက် ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက် အအုံများ ပြန်လည်ပြုပြင်ခြင်း ခန့်မှန်းကုန်ကျစရိတ်တန်ဖိုးများကို သက်ဆိုင်ရာဌာနများက ခန့်မှန်း လျာထားပေးပို့ခဲ့ခြင်းဖြစ်၍ အမှန်လုပ်ငန်းများ စတင်ဆောင်ရွက် ချိန်တွင် သက်ဆိုင်ရာဌာနများမှ အသေးစိတ်ပျက်စီးမှုစာရင်း ပူးတွဲလျက် ခန့်မှန်းခြေစာရင်း ရေးဆွဲ၍ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ စိစစ်အတည်ပြုချက် ရယူပြီး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားကာ တက်ရောက်လာသူများအားရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး သည်။

သတင်းစဉ်