နေပြည်တော် ဇူလိုင် ၂၃
အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စုပွဲများကို ဇူလိုင် ၂၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အုပ်စု(A)ပွဲစဉ်များ စတင်ကစားမည်ဖြစ်သည်။
ယှဉ်ပြိုင်ကစားမည်
ပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ ကျင်းပမည်ဖြစ်ပြီး အုပ်စု (A)တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တီမော၊ အုပ်စု(B)တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ လာအိုအသင်းတို့ ပါဝင်နေသည်။ အုပ်စု(A)အဖွင့်ပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကမ္ဘောဒီးယားအသင်းနှင့် စင်ကာပူ၊ မြန်မာစံတော်ချိန် ည ၈ နာရီတွင် ထိုင်းနိုင်ငံ၌ တီမောအသင်းနှင့် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
တီမောအသင်းသည် အိမ်ကွင်းလက်ခံကျင်းပနိုင်ခြင်းမရှိသဖြင့် ထိုင်းနိုင်ငံတွင် အိမ်ကွင်းလက်ခံကစားခြင်းဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ ပြိုင်ပွဲတစ်သင်းလျှင် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ကစားရမည်ဖြစ်သည်။
အုပ်စုပွဲများကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သော အုပ်စုပွဲများကို ဇူလိုင် ၂၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-MFF


