ပေကျင်း ဇူလိုင် ၂၃
တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လျှပ်စစ်ထရပ်ကားအရေအတွက်သည် ၂၀၃၀ ပြည့်နှစ်တွင် ၁ ဒသမ ၆ သန်း ကျော်လွန်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ကိုင်တန်ဂျီ က ပြောကြားသည်။
ယခုနှစ် နှစ်ဝက်အတွင်း လျှပ်စစ်ထရပ်ကားအရေအတွက် ၁၄၀၀၀၀ ထုတ်လုပ်နိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၈ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယခုကဲ့သို့ လျှပ်စစ်စွမ်းအင်သုံး ထရပ်ကားများ ထုတ်လုပ်နိုင်ခြင်းသည် ထုတ်လုပ်မှုအပေါ် ဆုကြေးပေးသည့် မူဝါဒနှင့် ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ လျှပ်စစ်ထရပ်ကားများ မောင်းနှင်လည်ပတ်နိုင်ရန်အတွက် လျှပ်စစ်အားဖြည့်ရုံနှင့် ဘက်ထရီလဲလှယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံအရေအတွက် ၃၀၀၀ ကျော်ကို ထရပ်ကားများ ပြေးဆွဲရာလမ်းကြောင်းတွင် ထားရှိမည့်အစီအစဉ်ကို တာဝန်ရှိသူများက ဆောင်ရွက်နေသည်။
ယခုနှစ်တွင် ယွမ် ၂၂ ဘီလီယံတန်ကြေးရှိ အထူးဘဏ္ဍာရေးငွေချေးစာချုပ်များဖြင့် ယာဉ်ဟောင်းများ ဖျက်သိမ်းခြင်းနှင့် အစားထိုးခြင်းအတွက် ထောက်ပံ့ရန်သတ်မှတ်ထားပြီး အဆိုပါယာဉ်များ နေရာတွင် လျှပ်စစ်ထရပ်ကားများဖြင့် အစားထိုးအသုံးပြုရေး ဆောင်ရွက်မည်ဖြစ်သည်။
လာမည့်ငါးနှစ်အတွင်း ပို့ဆောင်ရေးဝန်ကြီးဌာနသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ကာဗွန်နည်းပါးသော စွမ်းအင်အရင်းအမြစ်များသို့ ပြောင်းလဲမြှင့်တင်ရန်၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ရန်နှင့် လေထုညစ်ညမ်းမှုထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှု များကို မြှင့်တင်သွားမည်ဖြစ်ပြီး အဆိုပါဆောင်ရွက်ချက်များသည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စိမ်းလန်းစိုပြည်ပြီး ကာဗွန်နည်းပါးသောအသွင် ကူးပြောင်းရေးအတွက် တွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


