ရန်ကုန် ဇူလိုင် ၂၂
ဟိုတယ် အဆောက်အအုံ တည်ဆောက်ခွင့်(၂)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်(၆)ခု၊ ပြည်ဝင်ခရီး လှည့်လည်ရေးလိုင်စင် ၅၆ ခု၊ ပြည်ပခရီးလှည့်လည်ရေး လိုင်စင် အခု ၃၀ တို့ကို အတည်ပြုပေးနိုင် ခဲ့ပြီး ဟိုတယ်လုပ်ငန်းမှ လူငယ် ၁၈၈ ဦး၊ ခရီးလှည့်လည်ရေးလုပ်ငန်းမှ လူငယ် ၃၄၄ ဦး စုစုပေါင်း လူငယ် ၅၃၂ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၄)၌ ကျင်းပခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၆) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


