မိုးညှင်း ဇူလိုင် ၂၂

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းတွင် မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာအုပ်စုမှ တောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး တာဝန်ရှိသူများနှင့်အတူ မိုးပဲပုပ်သီးနှံမျိုးစေ့အိတ်များ၊ သဘာဝမြေသြဇာနှင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ၊ ရွက်ဖျန်းမြေသြဇာအိတ်များ၊ ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များကို ပေးအပ်သည်။

 

ထို့နောက် ဒေသခံတောင်သူ ဦးကျော်လင်း၏ မိုးစပါးစိုက်ခင်းအတွင်း သဘာဝမြေသြဇာနှင့် ယူရီးယားဓာတ်မြေသြဇာ အချိုးကျရောစပ်ကြဲပက်ခြင်း တောင်သူ အသိပညာပေး ကွင်းသရုပ်ပြသမှု၊ နားခါရပ်ကွက် မြို့နယ်စိုက်ပျိုးရေးပညာပေး ရှေ့တန်းစခန်း၌ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယူရီးယားဓာတ်မြေသြဇာအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချနေမှု၊ မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိုးညှင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ထုတ်ပေးနေမှု၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာမြေငှားဂရန် ပေးအပ်မှု အခြေအနေကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ကချင်ရိုးရာ မနောကွင်းအတွင်းမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး စခန်းရှိ အိမ်ထောင်စု ၁၀၄ စုအတွက် ဆန် ၂၄ ပြည်ပါ အိတ် ၁၀၄ အိတ်နှင့် ဆီ ၁၀၄ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ကာ စခန်းနေ မိသားစုများအတွက် ရေစင်နှင့် ရေတင်စက်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)