ရန်ကုန် ဇူလိုင် ၂၂

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီ မှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၆) နောက်ဆုံးနေ့ကို ဇူလိုင် ၂၂ ရက်က    ဆက်လက်ကျင်းပရာ ရှမ်းယူနိုက်တက် အမျိုးသမီးအသင်း ပထမဆုံးအိမ်ကွင်းပွဲတွင် အမှတ်ပြည့်ရယူပြီး သစ္စာအားမာန်အသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။

တောင်ကြီးကွင်း၌ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ရှမ်းယူနိုက်တက်အသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအိမ်ကွင်း လက်ခံကစားခြင်းဖြစ်ပြီး  တောင်ကြီးမြို့၌ကစားသည့်ပွဲတွင် ဇွဲကပင်ယူနိုက်တက်အသင်းကို   အနိုင်ကစားခဲ့ခြင်းဖြစ်သည်။

ဇွဲကပင်ယူနိုက်တက်အသင်းသည် အဝေးကွင်းပွဲတွင် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ဂိုးများပြန်ပေးရကာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်ယူနိုက်တက်အသင်းသည် ၁၅ မိနစ်တွင် ဘီလင်ဒါ၏ ဂိုးဖြင့် ဦးဆောင်နိုင်သော်လည်း ၃၂ မိနစ်တွင် နန်းဖြူဖြူသွယ်က ရှမ်းယူနိုက်တက် အသင်းအတွက် ချေပဂိုးပြန်သွင်းကာ ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ သရေကျခဲ့သည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ဂိုးထပ်မံသွင်းယူနိုင်ရန် ကြိုးပမ်းလာပြီး ၅၂ မိနစ်တွင် သော်တာနှင်း၊ ၆၅ မိနစ်တွင် စန္ဒာအောင်တို့က အနိုင်ဂိုးများသွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု  (AYA Pay player of the Match) ကို  ရှမ်းယူနိုက်တက်အသင်းခေါင်းဆောင် နန်းဖြူဖြူသွယ်ကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးကျပ်ငါးသိန်း ရရှိသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-စိုးညွန့်သော်