ရန်ကုန်   ဇူလိုင်   ၂၂

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ SAE PAING Development Ltd နှင့်  Phyo Si Thu Teak Plantation (Myanmar) တို့က   အဓိကပံ့ပိုးကူညီသည့် ၂၀၂၆ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် ဝါသနာရှင် သက်ကြီးတန်းပြိုင်ပွဲများကို သြဂုတ် ၃ ရက် မှ ၆ ရက်အထိ ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲတွင်   အမျိုးသားဝါသနာရှင်အဆင့်၌  Handicap 0 မှ 12 အတွင်းရှိ ကစားသမားများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး   ဝါသနာရှင် သက်ကြီးတန်း အမျိုးသားပြိုင်ပွဲ၌ Handicap 0 မှ 18 အတွင်းရှိ အသက် ၅၅ နှစ်မှ ၆၀ နှစ်၊ ၆၁ နှစ်မှ ၆၅ နှစ်နှင့် ၆၆ နှစ်မှ ၇၅ နှစ်အထိ ကစားသမားများကို အသက်အုပ်စုအလိုက် ယှဉ်ပြိုင်ခွင့်ပြုထားသည်။ ယင်းပြိုင်ပွဲကို R&A Rules Limited နှင့် United States Golf Association (USGA) တို့ ပြဋ္ဌာန်းထားသည့် Rules of Golf 2023 နှင့် ပြိုင်ပွဲ ဒေသန္တရစည်းမျဉ်းများနှင့်အညီ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲဝင်လိုသည့် ကစားသမားများအနေဖြင့် သြဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ တစ်ဦးလျှင် ပြိုင်ပွဲဝင်ကြေး ငွေကျပ် ၃၀၀၀၀ ပေးသွင်းကာ ၀၉-၄၂၁၀၀၂၂၅၉ သို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်သည်။ ယခင်စာရင်းပေးသွင်းထားသူများသည်လည်း မိမိတို့၏စာရင်းကို ပြန်လည်အတည်ပြုရန်လိုအပ်ကြောင်း သိရသည်။ ထို့ပြင် ဝါသနာရှင်အဆင့် ပြိုင်ပွဲဝင်ကစားသမားများသည် မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် အသိအမှတ်ပြု World Handicap System (WHS) Handicap Index Card နှင့် မိမိအသင်းဝင်ဂေါက်ကလပ်မှ ထုတ်ပေးထားသော Handicap ထောက်ခံစာတို့ကို စာရင်းပေးသွင်းရာတွင် ပူးတွဲတင်ပြရမည်ဖြစ်သည်။                                                                    

ချစ်ကိုကို