နေပြည်တော် ဇူလိုင် ၂၀

 

ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် ပြန်တမ်းဝင်အဆင့် စတင်ခန့် အရာထမ်းရာထူးများကို တစ်နှစ်လျှင် ကြော်ငြာသုံးကြိမ် ခေါ်ယူ၍ ရေးဖြေစာမေးပွဲ စစ်ဆေးခြင်း၊ စိတ်အခြေအနေနှင့် လူတွေ့ စစ်ဆေးခြင်းတို့ကို ရွေးချယ်ရေး လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ ရွေးချယ်ပေးလျက်ရှိကြောင်း သိရသည်။

 

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၁/၂၀၂၆) ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၂၄)ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင် ခန့် လစ်လပ်ရာထူး ၆၅၃ နေရာ အတွက် ရေးဖြေစာမေးပွဲကို မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် စာစစ်ဌာန ငါးခု၌ ဖြေဆိုခဲ့ကြပြီး အဆိုပါ ရေးဖြေစာမေးပွဲတွင် ရေးဖြေ အောင်မြင်သူ နိုင်ငံ့ဝန်ထမ်း အမှုထမ်းများနှင့် ပြင်ပဖြေဆို ပုဂ္ဂိုလ် ၃၄၆ ဦးတို့အတွက် စိတ်အခြေအနေ စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ကို ဇူလိုင် ၁၄ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇)၌ ဆောင်ရွက်လျက်ရှိသည်။

 

ယနေ့နံနက်ပိုင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် ပြန်တမ်းဝင်အရာရှိ အဆင့် စတင်ခန့် လစ်လပ်ရာထူးများတွင် ရွေးချယ်ခန့်ထားမည့် နိုင်ငံ့ဝန်ထမ်း အမှုထမ်းများနှင့် ပြင်ပဖြေဆို ပုဂ္ဂိုလ်များအား စိတ်အခြေအနေ စစ်ဆေးရေးအဖွဲ့များက ရေးဖြေနှင့် လူတွေ့စိတ်အခြေအနေ စစ်ဆေးနေမှု၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များက လူတွေ့ စစ်ဆေးရေးအဖွဲ့များခွဲ၍ လူတွေ့စစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲလာရောက် ဖြေဆိုကြသူများကို နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်