နေပြည်တော် ဇူလိုင် ၂၀
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လမ်းနှင့်တံတားများပြုပြင်ပေးနိုင်ရေး၊ မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရေး၊ ချောင်းတိမ်ကောမှု တူးဖော်ပေးနိုင်ရေး၊ ရေကာတာနံရံ တည်ဆောက်ပေးနိုင်ရေး၊ ကျောင်းအဆင့်မြှင့်တင်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ၁၀ ခု မေးမြန်းဖြေကြားခြင်း၊ အဆိုတစ်ခု ဆွေးနွေးအတည်ပြုခြင်းနှင့် ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ပခုက္ကူမဲဆန္ဒနယ်မှ ဦးလှဝင်းဦး၏ ပခုက္ကူ မြို့အနောက်ဘက်ရှိ ကျွန်းဦး၊ စပယ်ဦးနှင့် ကျွန်းညို ရွာသစ်ကျေးရွာများအား ရေကြောင်းပြောင်းခြင်းနှင့် မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူက ပခုက္ကူမြို့၏ အောက်ဘက်မြစ်ကမ်းတစ်လျှောက် ကျေးရွာများဖြစ်သည့် ကျွန်းညိုကြီးအုပ်စု၊ ကျွန်းဦးကျေးရွာ၊ စပယ်ဦးကျေးရွာနှင့် ကျွန်းညိုရွာသစ်ကျေးရွာ များအပါအဝင် မြင်းကျွန်းကျေးရွာအုပ်စုနှင့် တင်းဂတ်ကျေးရွာအုပ်စုရှိကျေးရွာများမှာ နှစ်စဉ် မြစ်ရေတက်ချိန်များတွင် ရေဦးထိုးတိုက်စားမှုနှင့် မြစ်ကမ်းပါးပြိုမှုများ ထိန်းသိမ်းရန် တိုက်ရိုက်ကာကွယ်မှုနှင့် သွယ်ဝိုက်ကာကွယ်မှုတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
တိုက်ရိုက်ကာကွယ်မှုအနေဖြင့် လက်ရှိကမ်းပြိုမှု ခံစားနေရသော ကျေးရွာများတစ်လျှောက် သဲအိတ် များ၊ Geo bags အိတ်ကြီးများ ချထားခြင်းနှင့် သွယ်ဝိုက်ကာကွယ်မှုအဖြစ် သောင်တူးဖော်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေ ဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကျွန်းညိုကြီး ကျေးရွာ၊ မရိုးကုန်းကျေးရွာနှင့် မြင်းကျွန်းကျေးရွာအကြား ကမ်းပါးပြိုကျမှု သက်သာစေရေးအတွက် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေကျပ် ၂၁၅ သန်းဖြင့် သံမဏိကြိုးဆိုင်းရေကာ အလျားပေ ၂၀၀၊ ၁၅ ချောင်း အတန်းလိုက်ချထားခြင်းလုပ်ငန်းကို ဆောင်ရွက်၍ ထိန်းသိမ်းပေးနိုင်ခဲ့ပါကြောင်း။
ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာများ ဧရာဝတီမြစ်ရေတိုက်စားမှုမှ သက်သာစေရေး သံမဏိကြိုး ဆိုင်းရေကာများဖြင့် ကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ မိုးရာသီရေများချိန် အရေးပေါ်ကာကွယ်ရေး လုပ်ငန်းရန်ပုံငွေဖြင့် ထပ်မံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရေကြောင်းပြောင်းလဲခြင်းနှင့် မြစ်ကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းများအား နယ်မြေအခြေအနေအရ လုံခြုံစိတ်ချ၍ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်သည့်အချိန်တွင် ရန်ပုံငွေ ရရှိရေးတင်ပြ၍ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
လပွတ္တာမဲဆန္ဒနယ်မှ ဦးဝင်းဆွေ(ခ)ဦးဝင်းရွှေ၏ လပွတ္တာမြို့နယ်အတွင်းရှိ ဆားကျင်းချောင်း တိမ်ကောမှုအား တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက လပွတ္တာမြို့နယ်ရှိ ဆားကျင်းချောင်းသည် ဒီရေအတက်အကျရှိသောချောင်းဖြစ်၍ သင်္ဘောများအချိန်မရွေး ဝင်ထွက်သွားလာနိုင်ရေး ချောင်းအတွင်း ရေစူးအနက် ပိုမိုရရှိရန် ရေပါးသောင်များအား တူးဖော်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့သော် ဒီရေအတက်အကျရှိသော ချောင်းဖြစ်သည့်အတွက် ၃ နှစ်ခန့်အကြာတွင် နုန်းများ ပြန်လည်ပို့ချနိုင်ပါသဖြင့် နုန်းတားသောအစီအမံများဖြင့် ပူးတွဲဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန် ချောင်းအား အသေးစိတ်တိုင်းတာမှုများ၊ သင်္ဘောသွားလာမှုများကို တိုင်းဒေသကြီးအစိုးရမှ စိစစ်ဆောင်ရွက်ပြီး ဆောင်ရွက်သင့်သည့်အစီအမံများအား ရေးဆွဲရမည် ဖြစ်ပါကြောင်း။
ဆားကျင်းချောင်းတွင် သင်္ဘောများအချိန်မရွေး ဝင်ထွက်သွားလာနိုင်ရေးအတွက် ချောင်းအား အသေးစိတ်တိုင်းတာမှုများ ဆောင်ရွက်ပြီး၊ ဆောင်ရွက်သင့်သည့် အစီအမံများအား ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆားကျင်းချောင်း ရေပါးသောင်များအား တူးဖော်ရန်အတွက် ကုန်ကျ စရိတ်နှင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများအား နှိုင်းယှဉ်သုံးသပ်၍ ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် လတ်တလော၌ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။
ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးကျော်ကျော်အောင်၏ ဝိုင်းမော်မြို့နယ် မြစ်ကမ်းဘေးနေရာများတွင် ရေကာတာမြစ်ကမ်းထိန်းနံရံ ပေ ၈၂၅ဝ အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အပြီးဆောင်ရွက်နိုင်ခြင်းမရှိပါက မည်သည့်ဘဏ္ဍာရေးနှစ် တွင် စတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးထွန်းလူက မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နောင်တာလောကျွန်း သောင်တူးလုပ်ငန်းအား ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ရေလမ်းကြောင်း ဖြောင့်တန်းလာပြီး ဝိုင်းမော်မြို့ ဘက်ခြမ်းတွင် ရေစီးနှုန်းလျော့ကျ၍ ရေတိုက်စားမှု သက်သာစေမည်ဖြစ်ပါကြောင်း။
ဝိုင်းမော်မြို့နယ်အတွင်း ကမ်းပြိုမှုအခြေအနေမှာ အထက်ဘက်ရေကြောင်းချဉ်းကပ်သည့် မိုင်းနားနှင့် ဟိုးလော်ကျေးရွာတွင် အဓိကတိုက်စားမှုရှိပြီး အောက်ဘက် ဝိုင်းမော်မြို့နှင့် ခတ်ချိုကျေးရွာများတွင် လည်း မြစ်ကမ်းပါးတိုက်စားမှုရှိကြောင်း တွေ့ရှိရပါကြောင်း။
ဧရာဝတီမြစ် မြစ်ကြီးနားရေလမ်းအား မျှော်မှန်းရေလမ်းကြောင်းအတိုင်းဖြစ်ပေါ်စေရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါရေလမ်းကြောင်း စီးဆင်းမှုမှန်ကန် လာပါက ဝိုင်းမော်မြို့နယ်မုတ်လွဲနှင့် ခတ်ချိုကျေးရွာများ ကမ်းပြိုမှုမှ လျော့နည်းသက်သာလာမည်ဖြစ်ပါကြောင်း၊ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် ဝိုင်းမော်မြို့ မိုင်းနားကျေးရွာအုပ်စုရှိ ဟိုးလော်ရွာ မြစ်ဘေး၌ အလျား ပေ ၃၀၀၀ တွင် ဆောင်ရွက်ရန်ကျန်ရှိသည့် အပေါ်ပိုင်းမြေထိန်းနံရံ၊ ကန့်လန့်ကျောက်ရိုးများနှင့် တမံစီခြင်းလုပ်ငန်းအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားမည် ဖြစ်ပါကြောင်းနှင့် အောက်ဘက်ရေလမ်းကြောင်း (Main Channel)တွင် ရေတိုက်စားနိုင်သည့် ခတ်ချိုကျေးရွာအောက်ပိုင်း ဗောဓိကုန်းနှင့် မခန္တီးကျေးရွာကြား အပိုင်းအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် နှစ်အလိုက်လျာထား၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ပေါင်းတည်မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်း၏ ပေါင်းတည်မြို့နယ် မြို့တွင်းရွာ အခြေခံပညာမူလတန်း ကျောင်းအား အမက(မူလွန်)/အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပေါင်းတည်မြို့နယ်၊ မြို့တွင်းရွာအခြေခံပညာမူလတန်းကျောင်းသည် အနီးဆုံးအခြေခံပညာ အလယ်တန်းကျောင်းဖြစ်သည့် ဘုရားငါးဆူ အခြေခံပညာအလယ်တန်းကျောင်းနှင့် ၂ ဒသမ၂၅ မိုင်ခန့်သာကွာဝေးပါကြောင်း၊ အခြေခံပညာဦးစီးဌာန၏ ကျောင်းအဆင့်တိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်ချက်များတွင် တစ်ဆင့်မြင့်ကျောင်းနှင့် ၃ မိုင်အထက် ကွာဝေးခြင်း၊ ကျောင်းမြေပိုင်ဆိုင်မှု ငါးဧကရှိရန် လိုခြင်းစသည့် လျာထားချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါကြောင်း။
အဆိုပါ မြို့တွင်းရွာ အခြေခံပညာမူလတန်းကျောင်း၏ လက်ရှိအခြေအနေအား စိစစ်ရာတွင် ကျောင်းအဆင့်တိုးမြှင့်ရေး လျာထားချက်များနှင့် ကိုက်ညီမှုမရှိပါကြောင်း၊ သို့သော်အခြေခံပညာမူလ တန်း(လွန်)ကျောင်း သို့မဟုတ် အခြေခံပညာအလယ် တန်းကျောင်းအဖြစ် လက်ရှိအချိန်တွင် အဆင့် တိုးမြှင့်ပေးရန် ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း အနာဂတ်တွင် ကျောင်းသားဦးရေ၊ ကျောင်းမြေ အကျယ်အဝန်းနှင့် အခြားသတ်မှတ်စံနှုန်းများ ပြည့်မီလာပါက စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တိုက်ကြီးမဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအား ကျောင်းဆောင် သစ်ဆောက်လုပ်ပေးပြီး မူလတန်းလွန်ကျောင်း အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က တိုက်ကြီးမြို့နယ် ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပေ (၆၀ x ၃၀) တစ်ထပ် သစ်သားဆောင်၊ ပေ (၉၀ x ၃၀) RCC တစ်ထပ်၊ စုစုပေါင်း ကျောင်းဆောင်နှစ်ဆောင်ရှိပါကြောင်း၊ မူလတန်းအဆင့်ကျောင်းသား ၇၆ ဦး စာသင်ခန်းခြောက်ခန်းဖြင့် သင်ကြားလျက်ရှိသည့်အတွက် ကျောင်းသား/တန်းခွဲဦးရေအရ လက်ရှိအခြေအနေတွင် စာသင်ခန်းလုံလောက်မှုရှိပါကြောင်း။
အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာ မူလတန်းကျောင်းမှ အခြေခံပညာမူလတန်း(လွန်)ကျောင်းအဖြစ် ကျောင်းအဆင့်တိုးမြှင့်ရန်အတွက် မူလတန်းအဆင့် ကျောင်းသားဦးရေ ၂၅၀ အထက်ရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများ၊ သဘာဝဘေးအန္တရာယ်အတားအဆီးရှိသောဒေသ များဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ၂ မိုင် အထက်ကွာဝေးခြင်း၊ သွားလာရလွယ်ကူသော မြေပြန့်ဒေသဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့် ကျောင်းနှင့် ၃ မိုင်အထက် ကွာဝေးခြင်း၊ မြေပိုင်ဆိုင်မှု ငါးဧက ရှိရန်လိုခြင်း စသည့်လျာထားချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လက်ရှိတွင် အဆင့်တိုးမြှင့်ပေးရန် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်းနှင့် အနာဂတ်တွင် ကျောင်းသားဦးရေ၊ ကျောင်းမြေအကျယ်အဝန်းနှင့် အခြားသတ်မှတ်စံနှုန်းများ ပြည့်မီလာပါက စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
စဉ့်ကိုင်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးကျေးရွာရှိ အခြေခံပညာ(တွဲ)ကျောင်းအား မူလတန်းကျောင်း(ခွဲ)အဖြစ် ဖွင့်လှစ်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မြို့နယ် မီးသွေးဘုတ်အုပ်စု စိုက်ပျိုးရေးကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးအခြေခံပညာ(တွဲ)ကျောင်းသည် မူလတန်းအဆင့် ကျောင်းသားဦးရေ ၄၁ ဦးသာရှိခြင်း၊ ပင်မကျောင်းဖြစ်သော ကင်းတုံ- အခြေခံပညာမူလ တန်းကျောင်းနှင့် ၂ မိုင်ကျော်သာ ကွာဝေးသော်လည်း သတ်မှတ်ထားသည့် ကျောင်းသားဦးရေစံနှုန်းနှင့် ကျောင်းမြေပိုင်ဆိုင်မှုစံနှုန်းများ ပြည့်မီမှုမရှိသေးခြင်းတို့ကြောင့် အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် လက်ရှိအချိန်တွင် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်းနှင့် အနာဂတ်တွင် ကျောင်းသားဦးရေ၊ ကျောင်းမြေ အကျယ်အဝန်းနှင့် အခြားသတ်မှတ်စံနှုန်းများ ပြည့်မီလာပါက စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
သဲကုန်းမဲဆန္ဒနယ်မှ ဒေါ်ဥမ္မာမို့မို့ဇော်၏ သဲကုန်းမြို့နယ် အင်းမ-ဆင်မြီးဆွဲ ကျေးလက်လမ်းမှ ကျန်ရှိသော ၁၄ မိုင်ခန့်အား နှစ်အလိုက် ဆက်လက်ခင်းပေး နိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က သဲကုန်းမြို့နယ် အင်းမ-ဆင်မြီးဆွဲလမ်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပြီး လမ်းမိုင်အရှည် ၁၆ မိုင် ၆ ဖာလုံရှိပါကြောင်း၊ အဆိုပါလမ်း၏ လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၁ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၅ မိုင်၊ ကျောက်လမ်း ၃ မိုင် ၆ ဖာလုံ၊ အမာခံလမ်း ၂ မိုင် ၃ ဖာလုံ၊ မြေသားလမ်း ၄ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၁၆ မိုင် ၆ ဖာလုံ ဖြစ်ပါကြောင်း။
၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် အဆိုပါလမ်း၏ မြေသားလမ်းအပိုင်းများအား ပထမအဆင့်အနေဖြင့် ရာသီမရွေးသွားလာနိုင်သော ကျောက်ခင်းလမ်း ၁ မိုင် ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသော အမာခံလမ်းနှင့် မြေလမ်း အပိုင်းများအား ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပြီးပါက ၁၂ ပေ အကျယ် ကွန်ကရစ်လမ်းသို့ အဆင့် မြှင့်တင်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ရန်ပုံငွေတွင် နှစ်အလိုက်လျာထားနိုင်ရေး ဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် လမ်းများဖြစ်သော ရေခလုတ် - ဒေါင့်ကြီးလမ်း၊ ရုံးတော-ပုဂံစုလမ်း၊ ပန်းတောရိုး-ဝက်ခြံဂယက်လမ်း များအား အဆင့်မြှင့်တင်ပေးရန် မည်သည့်ဘဏ္ဍာနှစ် တွင် မည်မျှဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် လမ်းများဖြစ်သော ရေခလုတ်-ဒေါင့်ကြီးလမ်း၊ ရုံးတော-ပုဂံစုလမ်းနှင့် ပန်းတောရိုး-ဝက်ခြံဂယက် လမ်းများသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းများဖြစ်ပြီး ရေခလုတ်-ဒေါင့်ကြီးလမ်းသည် အရှည် ၁၁ မိုင် ၁ ဖာလုံ၊ ရုံးတော - ပုဂံစု - ကျုံတာဖျားလမ်းသည် အရှည် ၆ မိုင်နှင့် ပန်းတောရိုး-ဝက်ခြံဂယက်-ပန်းပင်ချောင်လမ်းသည် အရှည် ၆ မိုင် ၆ ဖာလုံခန့်ရှိပါကြောင်း။
အဆိုပါလမ်းပိုင်းများ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေ ဖြင့် ရေခလုတ်-ဒေါင့်ကြီးလမ်း၏ ပျက်စီးမှုများပြားသည့်လမ်းပိုင်းတွင် ကျောက်ခင်းလမ်း အရှည် ၁ ဖာလုံအား ပြုပြင်ခြင်းလုပ်ငန်း၊ ရုံးတော- ပုဂံစု- ကျုံတာဖျားလမ်း၏ ပျက်စီးမှုများပြားသည့် လမ်းပိုင်း တွင် ကျောက်ခင်းလမ်း အရှည် ၃ ဖာလုံအား ချောင်း ကျောက်ရောမြေခင်း၍ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရေခလုတ်-ဒေါင့်ကြီးလမ်း လမ်းပိုင်းများ ၁ မိုင်အား ကျောက်ခင်း လမ်းအသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ ရုံးတော - ပုဂံစု - ကျုံတာဖျား လမ်းအရှည် ၁ မိုင်အား ကျောက်ခင်းလမ်းခင်းခြင်းလုပ်ငန်း၊ ပန်းတောရိုး-ဝက်ခြံဂယက်-ပန်းပင်ချောင်လမ်း၏ ပျက်စီးမှုများပြား သောလမ်းအပိုင်းများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အဆိုပါ လမ်း(၃)လမ်း၏ ကျန်ရှိနေသော လမ်းပိုင်းများကိုလည်း ရာသီမရွေးသွားလာနိုင်သော လမ်းအဖြစ်နှစ်အလိုက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေး ဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းများဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မတ္တရာမဲဆန္ဒနယ်မှ ဦးလှမြင့်၏ မတ္တရာမြို့နယ်ရှိ တံငါတံတားအား ပြန်လည်တည်ဆောက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တံငါတံတားသည် မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး တံတားအရှည် ပေ ၃၆၀ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အကြမ်းဖက်အဖွဲ့များကြောင့် တံငါတံတား၏ ရေလယ်တိုင် P4 တစ်စိတ်တစ်ပိုင်း ကြေမွပျက်စီးခဲ့ပြီး မိုးကုတ်ဘက်ကမ်း ရေလယ်တိုင် P5 နှင့် ကမ်းကပ်ခုံ A2 ကြား ပေ ၆၀ သံကူကွန်ကရစ် ရက်မနှင့် ကြမ်းခင်းများ ကျိုးကျပျက်စီးခဲ့ပါကြောင်း။
လက်ရှိတွင် တံငါတံတားအား တံတားဦးစီးဌာန နှင့် တပ်မတော်စစ်အင်ဂျင်နီယာတပ်ဖွဲ့တို့ ပူးပေါင်း၍ အရှည်ပေ ၂၂၀ နှစ်လွှာတစ်ထပ် ယာယီဘေလီတံတား ထိုးခဲ့ပြီး ဘေလီတိုင်စင် ငြမ်းထောက်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်၍ တံတားခံနိုင်ဝန်တန် ၃၀ ယာဉ်များ ဖြတ်သန်းခွင့်ပြုထားပါကြောင်း။
တံတားအား ပြန်လည်ပြုပြင်ခြင်းအနေဖြင့် ပျက်စီးသွားသည့်လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း၊ တံတားပေါ်တွင် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ယာဉ်များဖြတ်သန်း ခွင့်ပြုပေးထားသော ယာယီဘေလီတံတားအား ဖျက်သိမ်းခြင်းမရှိဘဲ ရေလယ်တိုင် P5 နှင့် ကမ်းကပ်ခုံ A2 ကြားပေ ၆၀ သံကူကွန်ကရစ်ရက်မနှင့် ကြမ်းခင်း အား ယာယီတံတားအောက်မှ ပြန်လည်တည်ဆောက်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဆောင်ရွက်နေပြီဖြစ်ပါကြောင်းနှင့် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ပြန်လည် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဒေါက်တာ ရွှေပြည်စိုးတင်သွင်းသည့် “အခွန်စနစ်နှင့် ပတ်သက်၍ အခွန်ထမ်းပုံစံအမျိုးမျိုးကို တိကျလွယ်ကူစွာ ပေးသွင်းထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ My Myanmar အမည်တပ် ဘားကုတ်စနစ်သုံး ဒီဂျစ်တယ်(အခွန်ထမ်း)ကတ်ဖြင့် အခွန်ငွေများကို ဖြတ်တောက် ကောက်ခံသင့်ကြောင်း၊ ခေတ်မီအလိုအလျောက် ဖြတ်တောက်စနစ်ကို အသုံးပြုသင့်ကြောင်း တင်ပြပြီး အစိုးရနှင့် ပုဂ္ဂလိကဘဏ်စနစ်များ၊ ငွေကြေးလည်ပတ်ပုံ၊ ငွေကြေးစီးဆင်းပုံ၊ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲစနစ်များကို အထူးတိကျစွာ အသုံးပြုနိုင်ရေး ကြိုးပမ်းသင့်ကြောင်း အကြံပြုအဆို”ကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်းက လက်ရှိအခွန်ငွေစီးဆင်းနေမှုသည် ဝင်ငွေရလုပ်ငန်း ပမာဏအပေါ် အခွန်ဆိုင်ရာရုံးများ ခွဲခြားသတ်မှတ်ထားခြင်း၊ အခွန်ငွေပေးသွင်းခြင်း Payment System ကိုလည်း Self Assessment စနစ်ဖြင့် IRD Website သို့ တိုက်ရိုက်ငွေပေးသွင်းခြင်း၊ Bank Account, MPU, Debit card စနစ်ဖြင့် ငွေပေးသွင်းခြင်း၊ MEB သို့ ငွေသွင်းချလန်၊ ချက်လက်မှတ်ဖြင့် ငွေပေးသွင်းခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း၊ နည်းပညာမြင့် ဘားကုတ်စနစ်သုံး ဒီဂျစ်တယ်ကတ် အသုံးပြုစနစ်အပေါ် နိုင်ငံ၏ ဘဏ္ဍာငွေကြေး၊ ပြည်သူအားလုံး အခွန်ထမ်းဆောင်ရမည့်အပေါ် နားလည်သဘော ပေါက်မှု၊ IRD ဌာန အဆင့်မြှင့်တင်ရန် လိုအပ်ချက်များရှိနေသောကြောင့် အဆိုကို မှတ်တမ်းအဖြစ်ထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။
ဘိုကလေး မဲဆန္ဒနယ်မှ ဦးစန်းမောင်က Digital Taxpayer Card (Barcode/QR Code)ပါဝင်သော အခွန်ထမ်းကတ်သည် ယနေ့ခေတ် e-Government နှင့် Digital Economy အတွက် အလွန်ကောင်းမွန်ပြီး အရေးကြီးသော အခွန်စီမံခန့်ခွဲမှုစနစ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုနေသည်ကို လေ့လာတွေ့ရှိ ရပါကြောင်း။
ဘဏ်၊ အခွန်ရုံးနှင့် Online စနစ်ဖြင့် ငွေပေးချေနိုင်အောင် ချိတ်ဆက်ထားပြီး အခွန်ပေးဆောင်မှု မှတ်တမ်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ Update လုပ်နိုင်မည်ဖြစ်ပါကြောင်း။
ယင်းစနစ်သည် အစိုးရအတွက် အခွန်ရှောင်တိမ်းမှုများ နည်းလာခြင်း၊ အခွန်ငွေတိုးတက်လာခြင်း၊ အခွန်ထမ်းစာရင်း အတိအကျ ရယူမှတ်တမ်းတင်နိုင်ခြင်းနှင့် အခွန်ယိုစိမ့်မှုများ လျော့နည်းလာခြင်း စသည့်အားသာချက်များ ရနိုင်မည်ဖြစ်ပါကြောင်း။ ထို့ပြင် ကုန်ကျစရိတ်လျှော့ချနိုင်ခြင်း၊ စာရွက်စာတမ်း အသုံးပြုမှုလျှော့ချခြင်း၊ ဝန်ထမ်းများ၏ ဝန်ဆောင်မှုလုပ်ငန်းစဉ်များ ပိုမိုသွက်လက်လာခြင်းနှင့် စာရွက်စာတမ်း၊ မှတ်တမ်းများ လျော့နည်းလာမည် ဖြစ်ပါကြောင်း။
အားနည်းချက်အနေဖြင့် စနစ်ချွတ်ယွင်းမှု (System error)ကြောင့် Customer များ ယုံကြည်မှုလျော့လာနိုင်ပါကြောင်း၊ IT infrastructure အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ များပြားခြင်း၊ ဆိုက်ဘာ တိုက်ခိုက်ခံရမှုများ တွေ့လာနိုင်ပါကြောင်း။
အချို့သော အင်တာနက်မရသောဒေသများတွင် ဝန်ဆောင်မှု Agency များ ထားခြင်း၊ ဆိုက်ဘာလုံခြုံ ရေး အားကောင်းစေရန် ဆောင်ရွက်ခြင်း၊ Data Protection Law ကို အသစ်ရေးဆွဲ ပြဋ္ဌာန်းစေခြင်း စသည့် ဆောင်ရွက်ရန်လုပ်ငန်းများ များပြားစွာ ရှိနေပါသဖြင့် အဆိုအား မှတ်တမ်းအဖြစ် ထားရှိသင့် ပါကြောင်း ဆွေးနွေးသည်။
ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်က မိမိတို့နိုင်ငံတွင် ပြည်သူများ အမှန်တကယ် လိုအပ်အသုံးပြုနေသည့် စား၊ ဝတ်၊ နေရေးအတွက် မရှိမဖြစ် လူသုံးကုန်ပစ္စည်းများ မီးဖိုချောင်သုံးပစ္စည်း၊ ဆန်၊ ဆီ၊ ဆေး၊ ဆားနှင့် ဒေသထွက်ကုန် သီးနှံ၊ အသား၊ ငါး၊ ကြက်ဥနှင့် နို့ထွက်ပစ္စည်းများအပြင် စားသောက်ကုန်ပစ္စည်းများကို အတတ်နိုင်ဆုံး အခွန်လျှော့ချပြီး အခြားမဖြစ်မနေသုံးစွဲရန်မလိုအပ်သည့် ပစ္စည်းများ၊ လုပ်ငန်းများနှင့် ပြည်သူများအတွက် ကျန်းမာရေးနှင့် လူနေမှုစနစ်ကို ထိခိုက်ပျက်စီးစေသော စားသောက်ကုန်၊ အသုံးအဆောင်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အခွန်တိုးမြှင့်ကောက်ယူမှုကို ဆောင်ရွက်သင့်ပါကြောင်း။
အမှန်တကယ်မိမိတို့ နိုင်ငံတွင် အခွန်ပေးဆောင်မှုကို အွန်လိုင်းဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်သင့်သည်မှာ ကြာပြီဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အခွန်နှင့်ပတ်သက်လျှင် နိုင်ငံသားတိုင်း သိရှိကျွမ်းဝင်ကြပြီး တာဝန်သိကြသကဲ့သို့ နိုင်ငံများအနေဖြင့် အခွန်ကြောင့် ပြည်သူများဝန်မပိစေရန် အခွန်စနစ်ကို ပွင့်လင်းမြင်သာပြီး စနစ်ကျအောင် လုပ်ဆောင်နေကြပါကြောင်း၊ နိုင်ငံတော်အခွန်ငွေများ မလေလွင့်ရအောင် အွန်လိုင်းဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဆိုလျှင် နိုင်ငံဘဏ္ဍာငွေ တိုးတက်ဖွံ့ဖြိုး တည်ငြိမ်လာပြီး အခွန်အလေအလွင့် နည်းပါးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းများကို ပိုမိုတိုးချဲ့၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးချမ်းက အခွန်များကို ရှင်းရှင်းလင်းလင်း ထိရောက်စွာကောက်ခံနိုင်လျှင် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သော အချို့သောအခွန်များကို လျှော့ချနိုင်သလို အချို့သောအရေးကြီးကိန်းဂဏန်းများတွင်လည်း အခွန်လွတ် tax free incentive များပေးပြီး ရင်းနှီးမြှုပ်နှံမှုများကို အားပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် digital tax system နှင့် e filing စနစ်များ အသုံးပြုခြင်းဖြင့် အခွန်စနစ်ပိုမိုကောင်းမွန် ရေးအတွက် အထောက်အကူ ရရှိစေမည်ဖြစ်ပါကြောင်း၊ Vice items များကို အခွန်အများကြီး တိုးကောက်ရန် သင့်လျော်ကြောင်း၊ အခွန်စနစ် ပိုမိုရှင်းလင်းပြီး ထိရောက်အကျိုးရှိရန် လုပ်ဆောင်မည့် အကြံပြုချက် များကို ထောက်ခံပါကြောင်း ထောက်ခံဆွေးနွေးသည်။
သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဟေသားကြီးက ယနေ့ကမ္ဘာကြီးသည် ဒီဂျစ်တယ်စီးပွားရေး ခေတ်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ငွေသားဖြင့် အရောင်းအဝယ်ပြုလုပ်သည့် စနစ်မှ Mobile Phone, Bank Account, QR Code နှင့် Online ငွေပေးချေမှု များကို အခြေခံသည့်စနစ်သို့ ပြောင်းလဲလာကြပြီ ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်မှုကို တိုင်းတာရာတွင် ဒီဂျစ်တယ်ငွေပေးချေမှုနှင့် အခွန်စနစ်၏ ထိရောက်မှုသည်လည်းအရေးပါသော ကဏ္ဍတစ်ခုဖြစ်လာပါကြောင်း၊ ကမ္ဘာ့နိုင်ငံများစွာသည် ဤစနစ်ကို အောင်မြင်စွာအသုံးပြုနေပြီးဖြစ်ပါကြောင်း၊ ဥပမာ ဂျပန်နိုင်ငံသည် My Number စနစ်ကို အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်းစီ၏ အခွန်ဆိုင်ရာအချက် အလက်များ၊ လူမှုဖူလုံရေးနှင့် အစိုးရဝန်ဆောင်မှုများ ကို ချိတ်ဆက်စီမံခန့်ခွဲလျက်ရှိပါကြောင်း၊ ထို့ပြင် တောင်ကိုရီးယားနှင့် အက်စတိုးနီးယားတို့ကဲ့သို့သော နိုင်ငံများတွင်လည်း တစ်ဦးချင်း အမျိုးသားအမှတ်စဉ်နှင့် ဒီဂျစ်တယ်စနစ်များကို အသုံးပြု၍ အခွန်ကောက်ခံမှုကို ပိုမိုတိကျမှန်ကန်စွာ ဆောင်ရွက်နိုင် ခဲ့ကြပြီး အခွန်ရှောင်တိမ်းမှုများကိုလည်း ထိရောက်စွာ လျှော့ချနိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံသားတိုင်းအတွက် တစ်ဦးချင်းအမျိုးသားအမှတ်စဉ်ကို အခြေခံသည့် အခွန်ထမ်းမှတ်ပုံတင်စနစ်ကို အဆင့်လိုက်အကောင် အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်း၊ အခွန်ထမ်းကတ် သို့မဟုတ် Smart Card များကို ဒီဂျစ်တယ်ငွေ ပေးချေမှုစနစ်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ပါက အခွန်ပေးသွင်းမှုများ လွယ်ကူမြန်ဆန်လာမည် ဖြစ်ပါကြောင်း။
ဒီဂျစ်တယ်စနစ်၏ အားသာချက်များမှာ ပွင့်လင်းမြင်သာမှု အားကောင်းခြင်း၊ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲပြောင်းမှုတိုင်းကို မှတ်တမ်းတင်ထားနိုင်သဖြင့် စစ်ဆေးရလွယ်ကူပြီး အဂတိလိုက်စားမှုများကို လျော့ကျစေမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်အခွန်နှင့် ငွေကြေးစီမံခန့်ခွဲမှုစနစ်သည် ခေတ်မီနိုင်ငံ တစ်နိုင်ငံ၏ မရှိမဖြစ်လိုအပ်သော အခြေခံအဆောက် အအုံတစ်ရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေက အခွန်သည် နိုင်ငံတော်က ပြည်သူထံမှရယူသော ငွေကြေးမျှသာမဟုတ်ပါကြောင်း၊ အခွန်သည် နိုင်ငံတည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ မျိုးဆက်သစ်များ၏ အနာဂတ်အတွက် စုဆောင်းငွေ၊ ပြည်သူအချင်းချင်း မျှဝေခံစားသော လူမှုတာဝန်၊ အချုပ်အခြာ အာဏာကိုထိန်းသိမ်းသည့် အမျိုးသားအင်အားတို့ ဖြစ်ပါကြောင်း၊ မြန်မာလူမျိုးတို့သည် အလှူအတန်းကို မြတ်နိုးသော လူမျိုးဖြစ်ပါကြောင်း၊ ဘုန်းတော် ကြီးကျောင်းများ ဆောက်လုပ်ခြင်း၊ စာသင်ကျောင်းများ လှူဒါန်းခြင်း၊ ဆေးရုံများတည်ဆောက်ခြင်း၊ တံတားများဆောက်လုပ်ခြင်းတို့ကို မိမိတို့၏ စေတနာဖြင့် ပါဝင်လှူဒါန်းလေ့ရှိကြပါကြောင်း၊ ထိုသဘောတရားနှင့် တူညီစွာအခွန်ပေးဆောင်ခြင်းသည်လည်း အမျိုးသားအကျိုးအတွက် ပြည်သူက စုပေါင်းလှူဒါန်းခြင်း တစ်မျိုးပင်ဖြစ်ပါကြောင်း။
နိုင်ငံတော်တစ်ရပ်၏ အချုပ်အခြာအာဏာကို ခိုင်မာစေသော အခြေခံအုတ်မြစ်မှာ မိမိနိုင်ငံ၏ ဘဏ္ဍာ ရေးကို မိမိနိုင်ငံသားများ၏ အခွန်ဖြင့် ရပ်တည်နိုင်ခြင်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခွန်ကို ဝင်ငွေရှာဖွေရေးကိရိယာတစ်ခုအဖြစ်သာ မမြင်ဘဲ နိုင်ငံဖွံ့ဖြိုးရေးမူဝါဒ၏ အဓိကအင်ဂျင်အဖြစ် မြင်သင့်ပါကြောင်း။
မြန်မာနိုင်ငံ၏ အခွန်ဝင်ငွေသည် စီးပွားရေးအရွယ်အစားနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေဆဲဖြစ်ပါ ကြောင်း၊ ဤအခြေအနေသည် နိုင်ငံ၏ စီးပွားရေး အင်အားနည်းပါးခြင်းကြောင့်သာ မဟုတ်ဘဲ အခွန်အခြေခံ(Tax Base)ကျဉ်းမြောင်းခြင်း၊ အခွန်ရှောင်တိမ်းမှုများခြင်း၊ အလွတ်စီးပွားရေး(Informal Economy) အရွယ်အစားကြီးမားခြင်း၊ ဒီဂျစ်တယ် အခွန်စနစ် မပြည့်စုံသေးခြင်း၊ အခွန်ထမ်းယဉ်ကျေးမှု အားနည်းခြင်းတို့ကြောင့်လည်းဖြစ်ပါကြောင်း၊ နိုင်ငံတကာအတွေ့အကြုံများမှ သင်ခန်းစာများအနေဖြင့် အခွန်နှုန်းထားတိုးခြင်းထက် အခွန်စီမံခန့်ခွဲမှုကို ခေတ်မီအောင်ပြုပြင်ရန်၊ ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ အခွန်ရှောင်တိမ်းမှုကို လျှော့ချရန်၊ အခွန်ထမ်းများအတွက် လွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုများ ပေးဆောင်ရန်၊ အခွန်ထမ်းသူဦးရေ တိုးချဲ့ပြီး Tax Base ကို ကျယ်ပြန့်စေရန်၊ အခွန်ငွေသုံးစွဲမှုကို ပွင့်လင်းမြင်သာစွာဖော်ပြ၍ ပြည်သူယုံကြည်မှုတည်ဆောက်ရန် အခွန်ပြုပြင်ပြောင်းလဲရေးကို နည်းပညာ၊ ဥပဒေ၊ အုပ်ချုပ်ရေးနှင့် ပြည်သူပူးပေါင်းပါဝင်မှုတို့ကို ပေါင်းစပ်ထားသော အမျိုးသား ရေးစီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အခွန်နှုန်းထားများ တိုးမြှင့်ခြင်းထက် အခွန်အခြေခံကို ချဲ့ထွင်ခြင်း၊ ဒီဂျစ်တယ်အခွန်စီမံခန့်ခွဲမှု အကောင်အထည်ဖော်ခြင်း၊ ပြည်သူဗဟိုပြုဝန်ဆောင်မှု (Taxpayer-Centric Services) တိုးတက်စေခြင်းနှင့် ပွင့်လင်းမြင်သာမှု (Transparency)ကို မြှင့်တင်ခြင်းတို့ကို ဦးစားပေး ဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေးသည်။
သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဒေါ်သန်းသန်းအေးက မိမိတို့နိုင်ငံ၏ အခွန်ဘဏ္ဍာ တိတိကျကျနှင့် ပြည့်ပြည့်ဝဝမရရှိခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ပြည်ပချေးငွေများနှင့် အကူအညီများကို ပိုမိုမှီခိုရစေပြီး ရေရှည်တွင် နိုင်ငံတော်အတွက် ကြွေးမြီဝန်ထုပ်ဝန်ပိုး ဖြစ်စေပါကြောင်း၊ မိမိတို့နိုင်ငံ၏ ကိုယ်ပိုင်အခွန် စနစ်ခိုင်မာမှသာ နိုင်ငံရေး၊ စီးပွားရေးအရ လွတ်လပ်စွာဆောင်ရွက်နိုင်ပြီး အချုပ်အခြာ အာဏာအတွက်လည်း ပိုမိုတောင့်တင်းခိုင်မာစွာ ရပ်တည်ရန် တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ အခွန်ရှောင်မှုအတွက် အခွန်ရှောင်သူကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူရပါကြောင်း၊ စာရင်းစစ်ဆေးမှုကိုလည်း ပိုမိုထိရောက်စေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုရန်လိုအပ်သလို အခွန်ပေးမှုစနစ်များကို ခေတ်မီနည်းဖြစ်သည့် ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲပေးခြင်းဖြင့်လည်း အခွန်ရှောင်ရန် အခွင့်အလမ်းလျော့နည်းစေမည် ဖြစ်ပါကြောင်း။
အခွန်စနစ်ကို တိတိကျကျကျင့်သုံးခြင်းဖြင့် မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင် စီးပွားရေး လုပ်ငန်းများကို စနစ်တကျထိန်းချုပ်နိုင်ပြီး တရားဝင်ရိုးသားစွာ လုပ်ကိုင်အခွန်ဆောင်နေကြသည့် လုပ်ငန်းရှင်များကို ကာကွယ်ပေးရာရောက်ပါကြောင်း၊ မရှိမဖြစ်လိုအပ်သော လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းများအပေါ် အခွန်ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခြင်း၊ ကျန်းမာရေးထိခိုက်စေသော ကုန်ပစ္စည်းများအပေါ် သင့်လျော်သော အခွန်နှုန်းထားများ တိုးမြှင့်သတ်မှတ် ခြင်းကိစ္စများအား နိုင်ငံတော်မှသတိကြီးစွာဖြင့် အကျိုးအပြစ်များတွက်ချက်၍ ဖြစ်သင့်သော အခွန်အား စည်းကြပ်သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုသည် နိုင်ငံတော်၏ ဘတ်ဂျက်ကိုအရှိန်အဟုန် ဖြင့် တိုးတက်စေမည့်အပြင် ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကိုပါ အထောက်အကူပြုနိုင်ခြင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျှတမှုရှိသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးတို့အတွက် အလွန်ခေတ်မီပြီး မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စပါသည့် အဆိုတစ်ခုဖြစ်ပါသဖြင့် ဤလွှတ်တော်က အတည်ပြုပေးပါရန် အဆိုအား ထောက်ခံဆွေးနွေးသည်။
မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူက အခွန်ပေးဆောင်ခြင်းသည် ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွယ်ကူဆုံး ပါဝင်မှုတစ်ခုအဖြစ် ခံစားသိမြင်စေခြင်းသည်အခွန် စနစ်အောင်မြင်ရေး၏ အဓိကသော့ချက်တစ်ခုဖြစ်ပြီးထိုသို့ အောင်မြင်စေရန်အတွက် ဒီဂျစ်တယ်စနစ်များ၊ ရိုးရှင်းသောပုံစံများနှင့် အခက်အခဲများမရှိစေရေးတို့ကို သတိပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ဒီဂျစ်တယ်အခွန်ကောက်ခံမှုစနစ်ဖြင့် အခွန်များ ဖြတ်တောက်ကောက်ခံခြင်း ဆောင်ရွက်နိုင်ပါက အခွန်ငွေတိုးပွားစေနိုင်ခြင်း၊ (e-invoices) စနစ်ကဲ့သို့ ပြောင်းလဲအသုံးပြုခြင်းဖြင့် အခွန်ထမ်းများ၏ အရောင်းအဝယ်စနစ်ကို ပိုမိုမြင်သာစေနိုင်ပြီး အခွန်ပိုမိုတိုးတက်ရရှိနိုင်ခြင်း၊ ဒီဂျစ်တယ်ငွေပေးချေမှုအရ လာဘ်ပေးလာဘ်ယူမှုများကို လျှော့ချနိုင်ကာ အခွန် ဌာနများအတွက် အချက်အလက်အရည်အသွေးနှင့် စောင့်ကြည့်နိုင်မှုတို့ကို မြှင့်တင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အခြေခံအဆောက်အအုံ (infrastruc-ture)ဆိုင်ရာ အခက်အခဲအတားအဆီးများ၊ အင်တာနက်ဆက်သွယ်မှုစနစ်နှင့် လျှပ်စစ်မီးလိုအပ်ချက် များသည်လည်း ဒီဂျစ်တယ်စနစ်ကို အကန့်အသတ် ဖြစ်စေနိုင်သောကြောင့် နိုင်ငံတကာမှ ဒီဂျစ်တယ်စနစ်ဖြင့် အခွန်ငွေကောက်ခံရေးဆိုင်ရာ အောင်မြင် ဆုံးရှုံးမှုများကို စနစ်တကျ လေ့လာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ပါရန် အဆိုအား လေးနက်စွာ ထောက်ခံဆွေးနွေးသည်။
မြောင်းမြ မဲဆန္ဒနယ်မှ ဒေါ်မြင့်စန္ဒာအောင်က မြန်မာနိုင်ငံတွင် ကောက်ခံလေ့ရှိသော အဓိက အခွန်ကြီးလေးမျိုးမှာ ဝင်ငွေခွန်တစ်ဦးချင်းစီ၏ လစာဝင်ငွေ ကုမ္ပဏီလုပ်ငန်းများ၏ အမြတ်အစွန်းပေါ်တွင် သတ်မှတ်ရာခိုင်နှုန်းအလိုက် ကောက်ခံခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကုန်စည်များ ထုတ်လုပ်ခြင်း၊ ပြည်ပမှတင်သွင်းခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင် ကျသင့်သည့် သတ်မှတ်ခွန်ဖြစ်အထူးကုန်စည် ခွန်(special goods tax) ဆေးလိပ်၊ အရက်၊ ဘီယာ၊ လောင်စာဆီနှင့် ဇိမ်ခံပစ္စည်းများကဲ့သို့ သတ်မှတ်ထားသော အထူးကုန်စည်များအပေါ် သီးသန့်ကောက်ခံသည့်အခွန်နှင့် တံဆိပ်ခေါင်းခွန်စာချုပ်စာတမ်းများ၊ အိမ်ခြံမြေအရောင်းအဝယ်ငှားရမ်းခြင်း စာချုပ်များ တရားဝင်အတည်ဖြစ်စေရန် တံဆိပ်ခေါင်းကပ်၍ ပေးဆောင်ရသော အခွန်တို့ဖြစ်ပါကြောင်း။
အခွန်ထမ်းပြည်သူများ နိုင်ငံတော်သို့ အခွန်ပေးဆောင်ရာတွင် ငွေသား၊ ချက်လက်မှတ်များအသုံးပြုပြီး လူကိုယ်တိုင်လာရောက် အခွန်ပေးသွင်းနေရမည့်အစား electronic ငွေပေးချေမှုစနစ်ကိုအသုံးပြုပြီး အခွန်ပေးဆောင်ခြင်းဖြင့် သက်ဆိုင်ရာအခွန်ရုံးနှင့် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်တို့သို့ သွားရောက်ရသည့် အချိန်နှင့်ကုန်ကျ စရိတ်သက်သာခြင်း၊ ငွေကြေးများကိုင်ဆောင်၍သွားလာရန် မလိုအပ်သဖြင့် ငွေကြေးဆုံးရှုံးမှုအန္တရာယ် မရှိနိုင်ခြင်း၊ အလွဲ သုံးစားမှုနှင့် မသမာမှုအန္တရာယ်များ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးနှင့် digital အသွင်ကူးပြောင်းရေးကာလတွင် အစိုးရနှင့် ပုဂ္ဂလိကဘဏ်စနစ်များအကြား ငွေကြေးလည်ပတ်မှု၊ စီးဆင်းမှုနှင့် ငွေသွင်းငွေထုတ်ငွေလွှဲစနစ်များ တိကျခိုင်မာရေးသည် အခွန်ထမ်းကတ်စနစ် အောင်မြင်ရန်အတွက် အဓိကကျောရိုး ဖြစ်ပါကြောင်း။ Digital စနစ်ကူးပြောင်းခြင်း digitalization သည် အရှိန်အဟုန်ပြင်းစွာ ဖွံ့ဖြိုးတိုးတက်နေပြီး ပါဝင်ပတ်သက်နေသူများအတွက် အကျိုးကျေးဇူးများစွာကို ဆောင်ကြဉ်းပေးလျက်ရှိသော်လည်း နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် အခွန်ရှောင်ကွင်းရာနေရာများနှင့် အတုအယောင် အမြတ်အစွန်းပြောင်းရွှေ့ခြင်း လုပ်ငန်းလည်ပတ်ရာနိုင်ငံများရှိ ဥပဒေဟာကွက်များကို အခွင့်ကောင်းယူကြပြီး အဆင့်မြင့်အခွန်ဆိုင်ရာ စီမံဖန်တီးမှုများဖြစ်သည့် အထူးရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော လုပ်ငန်းဆောင်ရွက်မှုယန္တရားများ၊ အထူးအခွင့်အရေးပေးသည့် စနစ်များကို အသုံးပြုကာ အခွန်နှုန်းထားပိုမိုသက်သာခွင့်ရရှိအောင် လုပ်ဆောင်ကြခြင်း စသည့်အခြေအနေများကို ရှောင်ရှားနိုင်ရန် ကြိုတင်စဉ်းစားပြီးမည်သို့ ကာကွယ်ကြမည်ဆိုသည့် စီမံချက်များရေးဆွဲကြရန် လိုအပ်သကဲ့သို့ မိမိတို့နိုင်ငံ၏ လက်ရှိတည်ရှိနေသည့် အခြေခံအဆောက်အအုံများနှင့် လိုက်လျောညီထွေရှိပြီး နိုင်ငံတော်ကို ဆတက်ထမ်းပိုး ပံ့ပိုးနိုင်မည့် အခွန်စနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဖြစ်လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ထို့နောက် အဆိုနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန် များဦးစီးဌာနအနေဖြင့်လည်း အခွန်ထမ်းပြည်သူများက အခွန်ငွေပေးဆောင်ရာတွင် ဘဏ်များသို့ ငွေသားချက်လက်မှတ်များ၊ Payment Order (PO)များ၊ ငွေသွင်းချလန်များကို လူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်မှတစ်ဆင့် သွားရောက်ပေးသွင်းခြင်း နည်းလမ်းအစား လုံခြုံစိတ်ချမှုရှိပြီး အခွန်ပေးဆောင်မှု အဆင့်များတွင် လွယ်ကူမြန်ဆန်စွာ ပေးဆောင်နိုင်ရန်အတွက် အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း။
အကောက်ခွန်ဦးစီးဌာနအနေဖြင့်လည်း ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအတွက် အခွန်ငွေ ပေးသွင်းမှုများ တိကျမှန်ကန်စေရန် မြန်မာအလိုအလျောက် (Myanmar Automated Cargo Clearance System-MACCS) တွင် e-Payment စနစ်ကို အသုံးပြု၍ အခွန်ပေးဆောင်ခြင်းဖြင့် လည်းကောင်း၊ MACCS Online Payment System- MOPS စနစ် အသုံးပြု၍ ပုဂ္ဂလိကဘဏ် (၆) ဘဏ်ဖြင့်ချိတ်ဆက်၍ အခွန်ငွေပေးဆောင်ခြင်းဖြင့်လည်းကောင်း အခွန်ငွေများ စနစ်တကျပေးသွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ပြည်တွင်းအခွန် များဦးစီးဌာနအနေဖြင့် အခွန်ထမ်းမှတ်ပုံတင်ခြင်းကို UID စနစ်နှင့် ချိတ်ဆက်နိုင်ခြင်း မရှိသေးသော်လည်း အီလက်ထရောနစ် အခွန်ထမ်း မှတ်ပုံတင်ခြင်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကို အသုံးပြုပြီး ကုမ္ပဏီ၊ တစ်ဦးချင်းပုဂ္ဂိုလ် စသည်ဖြင့် အခွန်ထမ်းပုဂ္ဂိုလ်အမျိုးအစားအလိုက် ဂဏန်း ၉ လုံးပါသည့် TIN နံပါတ်များကို သတ်မှတ်ပေးလျက်ရှိပါကြောင်း။
အခွန်ထမ်းများအနေဖြင့် TIN နံပါတ်လျှောက်ထားခြင်းကို ပြည်တွင်းအခွန်များဦးစီးဌာန website တွင်ရှိသည့် အီလက်ထရောနစ် အခွန်ထမ်းမှတ်ပုံတင်ခြင်းစနစ်သို့ ဝင်ရောက်၍ အွန်လိုင်းမှတစ်ဆင့် လွယ်ကူလျင်မြန်စွာ လျှောက်ထားနိုင်ရန် စီမံဆောင်ရွက်ပေးထားပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ ဆွေးနွေးတင်ပြချက်များတွင် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းသက်သာရေးအတွက် အခွန်များ လျှော့ပေါ့ပေးနိုင်ရေးကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုများ အပေါ် အခွန်လျှော့ပေါ့ရေးကိစ္စ စသည့်ကိစ္စများလည်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြဋ္ဌာန်းရခြင်းဖြစ်သည့်အတွက် အခွန်နှုန်းလျှော့ပေါ့ရေးကိစ္စကို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ တင်သွင်းသည့်အခါ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် ဝိုင်းဝန်းသုံးသပ်ဆွေးနွေးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုအား မှတ်တမ်းတင်ထား ရှိသင့်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဒေါက်တာ ရွှေပြည်စိုး တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အဆို အပေါ် ဆောင်ရွက်မည့် အဆင့်ဆင့်သော လုပ်ငန်းတိုးတက်မှုအခြေအနေများကို စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်သွားရန်နှင့်အဆိုကို မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေ ကြမ်း”ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းက လွှတ်တော်သို့ တင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် ဦးတင်ရွှေက စိစစ်လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ဇူလိုင် ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


