လွိုင်ကော် ဇူလိုင် ၂၀
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့က မြို့လယ်ကန္ဒရဝတီ တံတားမှ နမ့်ကွတ်ရေစီးကွေ့ အထိ ဘီလူးချောင်းတစ်လျှောက် မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်း၊ ရေဝပ်ဧရိယာ ရေစုပ် ထုတ်ခြင်းလုပ်ငန်းနှင့် ဘီလူးချောင်း ကမ်းပါးတစ်လျှောက် အုတ်ရိုး စီခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ဒေါနိုးကူးတံတားမှ နမ့်ကွတ်ရေစီးကွေ့အထိ ဘီလူးချောင်း မြေထိန်းနံရံ တည်ဆောက် လျက်ရှိသည့် လုပ်ငန်းနေရာ သုံးခု၌ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်အရည် အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် အလေးထား ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ဒေါနိုးကူးရပ်ကွက်နှင့် မင်းစုရပ်ကွက် အနိမ့်ပိုင်း ရေဝပ် ဧရိယာများတွင် ရေစုပ်ထုတ်နိုင်ရန်အတွက် 50HP မော်တာနှစ်လုံးနှင့် ခြောက်လက်မ PVC ပိုက်သွယ်တန်းခြင်း လုပ်ငန်းနှင့် ရွှေတောင်ရပ်ကွက်ရှိ ကန္ဒရဝတီ တံတားမှ ရှမ်းပိုင်းတံတားအထိ ဘီလူးချောင်း ကမ်းပါးတစ်လျှောက် အရှည် ၁၈၇၅ ပေ အုတ်ရိုးစီခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


