နေပြည်တော် ဇူလိုင် ၁၉
ထုတ်လုပ်သည့် ဓာတ်မြေဩဇာများအား ဖြန့်ဖြူးရာတွင် ပြင်ပပေါက်ဈေးထက် နိုင်ငံတော်မှ အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည့်အတွက် အသုံးပြုခွင့်ရရှိသည့် တောင်သူလယ်သမားများအတွက် များစွာ အကျိုးကျေးဇူးရှိပါကြောင်း၊ နောင်နှစ်များစွာတိုင်လည်း ယခုထက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်သည့် စက်ရုံကြီးအဖြစ် ရပ်တည်နေနိုင်အောင် ဝန်ထမ်းများက ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ၏ စက်လည်ပတ်ထုတ်လုပ်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ပေးအပ်
ဆက်လက်၍ ဒုတိယဝန်ကြီးက စက်ရုံကြီးသည် စက်စတင်လည်ပတ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်၍ လက်ရှိအချိန်ထိ ယူရီးယားဓာတ်မြေဩဇာ တန်ပေါင်း ခုနစ် သိန်းနီးပါး ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် များစွာ အကျိုးကျေးဇူးရှိပါကြောင်း၊ စက်ရုံပုံမှန် လည်ပတ်နိုင်ရေး သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်မီးပုံမှန်ရရှိရေးသည် အရေးကြီးပါ ကြောင်း၊ ဓာတ်အားလိုင်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာနှင့်စက်ပစ္စည်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းစေလိုကြောင်း ပြောကြားပြီး စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများအား အင်အားဖြည့်အစားအစာများ ပေးအပ်သည်။
ယင်းနောက် စက်ရုံ၏ Control Room၊ အရည်အသွေး စစ်ဆေးရေးဌာန၊ စက်လည်ပတ်ထုတ်လုပ်နေမှု အခြေအနေနှင့် ထုတ်လုပ်ပြီး ဓာတ်မြေဩဇာများ စနစ်တကျ သိုလှောင်ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


