ရှန်ဟိုင်း ဇူလိုင် ၁၉
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အင်ဒိုနီးရှား နိုင်ငံ စီးပွားရေးဝန်ကြီး အဲလန် ဂါဟာတာတိုနှင့် တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ဇူလိုင် ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တု နည်းပညာညီလာခံသို့ တက်ရောက်လာသည့် အဲလန်ဂါအား တရုတ်ကွန်မြူနစ်ပါတီပေါ်လစ် ဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိက ကြိုဆိုသည့်အနေဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကမ္ဘာ့ဉာဏ်ရည်တုနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဦးစီးတည်ထောင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်တွင် အပြုသဘောဆောင်သည့် ရပ်တည်ချက်ကို ဖော်ပြနေပြီး တရုတ်နိုင်ငံအနေဖြင့်လည်း ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အားလုံးပါဝင်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဘုံအကျိုးရှိစေမည့် ဦးတည်ချက်ဖြင့် မြှင့်တင်ရန် အယူအဆတူသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အသင့်ရှိနေကြောင်း ဝမ်ယိက ပြောကြားသည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင် အင်ဒိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရေး ဆောင်ရွက်မည်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုကို သယ်ဆောင်သည့် အနာဂတ်မျှဝေသည့် တရုတ်-အင်ဒိုနီးရှား အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။
ဉာဏ်ရည်တုနည်းပညာနယ်ပယ်တွင် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုအား ချီးကျူးဂုဏ်ပြုကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများကို အင်ဒိုနီးရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း၊ တရုတ်နိုင်ငံနှင့် စီးပွားရေးစင်္ကြံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အဆက်မပြတ်မြှင့်တင်ရန် မျှော်လင့်ကြောင်း အင်ဒိုနီးရှားစီးပွားရေးဝန်ကြီး အဲလန်ဂါက မှတ်ချက်ပြုပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


