လွန်းပိုးအိမ်

နိုင်ငံ့သမိုင်းတွင် အသက်သွေးချွေးများစွာဖြင့် ရင်းနှီးတည်​ဆောက်ခဲ့ရသော လွတ်လပ်ရေး၏အရသာကို ယနေ့တိုင်ခံစားနေကြရသည်မှာ တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့်အသက်ပေးသွားခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားပင်ဖြစ်သည်။ ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် သွေးစွန်းခဲ့ရသည့် နေ့ရက်ဖြစ်သော်လည်း ထိုနေ့ရက်သည်ပင် တိုင်းပြည်၏ မျိုးချစ်စိတ်ဓာတ်ကို နိုးကြားစေပြီး စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန် အရေးပါသည့်နေ့ရက်တစ်ရက် ဖြစ်လာခဲ့သည်။

​ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ မြန်မာနိုင်ငံကို လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်နိုင်စေရန် ခက်ခဲ ကြမ်းတမ်းသော လမ်းကြောင်းပေါ်တွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် လျှောက်လှမ်းခဲ့ကြသည်။ ၎င်းတို့၏ရည်မှန်းချက်မှာ ပါတီနိုင်ငံရေးထက် တိုင်းပြည်၏အနာဂတ်၊ လူမျိုး၏လွတ်လပ်ရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်သာ ဦးတည်ခဲ့သည်။ ထိုခေါင်းဆောင်ကြီးများ၏ စွန့်လွှတ်အနစ်နာခံမှုများသည် ယနေ့ခေတ်လူငယ်များအတွက် ပုံသက်သေကောင်းများအဖြစ် အစဉ်ထာဝရ တည်ရှိနေသည်။

​အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ရသည့် ထိုနေ့ရက်သည် မြန်မာ့နိုင်ငံရေးလောကတွင် ကြီးမားသော လေဟာနယ်ကို ဖြစ်ပေါ်စေခဲ့သော်လည်း ၎င်းတို့ချမှတ်ပေးခဲ့သည့် လွတ်လပ်ရေးလမ်းစဉ်သည်ကား ပျောက်ကွယ်သွားခြင်းမရှိခဲ့ပေ။ အမျိုးသားရေးစိတ်ဓာတ်ကိုအရင်းခံ၍ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်စွာဖြင့် တည်ဆောက်ခဲ့သည့် ပင်လုံစိတ်ဓာတ်မှာလည်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးမားမှုကို ဖော်ပြနေသည်။ ထိုစိတ်ဓာတ်ကို လက်ဆင့်ကမ်း ထိန်းသိမ်းခြင်းသည်သာလျှင် အာဇာနည်တို့၏အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

အာဇာနည်တို့၏ မွန်မြတ်သောစိတ်ဓာတ်များကို အစဉ်သတိပြု

ပစ္စုပ္ပန်ကာလတွင် နိုင်ငံတော်သည် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် အာဇာနည်တို့၏ မွန်မြတ်သော စိတ်ဓာတ်များကို အစဉ်သတိပြုရန် လိုအပ်သည်။ သူတို့၏ ရိုးသားမှု၊ ကြိုးစားမှု၊ နိုင်ငံချစ်စိတ်နှင့် စည်းလုံးညီညွတ်ရေးကို ဦးစားပေးသည့် စရိုက်လက္ခဏာများသည် တိုင်းပြည်တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်များဖြစ်သည်။ ခေါင်းဆောင်မှုဆိုသည်မှာ ကိုယ်ကျိုးစွန့်၍ ပြည်သူ့အတွက် ရှေ့ကနေ ပြီး တာဝန်ယူရဲခြင်းပင်ဖြစ်ကြောင်းကို အာဇာနည်ခေါင်းဆောင်ကြီးများက လက်တွေ့ပြသသွားခဲ့ကြသည်။

​သမိုင်းတွင်တည်ရှိနေသော အာဇာနည်နေ့၏အနှစ်သာရကို နားလည်သဘောပေါက်ရန်မှာ အလွန်ပင်အရေးကြီးသည်။ အာဇာနည်ဆိုသည်မှာ ကိုယ်ကျိုးကိုစွန့်၍ အများအကျိုးကိုဆောင်ရွက်ပြီး အသက်နှင့်လဲ၍ ပေးဆပ်သူများကို ခေါ်ဆိုခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလတွင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေကြသူများသည် လည်း အာဇာနည်တို့၏ စိတ်ဓာတ်ကိုအတုယူ၍ တိုင်းပြည်၏ အကျိုးစီးပွားကိုရှေးရှုပြီး မှန်ကန်သောလမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် လိုအပ်မည်ဖြစ်ပါသည်။

​အာဇာနည်ခေါင်းဆောင်ကြီးများက မိမိတို့၏အသက်ကိုသာ စွန့်လွှတ်ခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့၏ မွန်မြတ်သောအယူအဆများ၊ နိုင်ငံအပေါ်ထားရှိသည့် သစ္စာတရားများနှင့် ခိုင်မာသော စိတ်ဓာတ် များမှာမူ အချိန်ကာလများ ကြာမြင့်သော်လည်း မှေးမှိန်သွားခြင်းမရှိပေ။ တိုင်းပြည်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန်မှာ မျိုးဆက်သစ်တို့၏ အဓိကတာဝန်ဖြစ်ပြီး ထိုတာဝန်ကို ထမ်းဆောင်ရာတွင် အာဇာနည်တို့၏ အစဉ်အလာကို လမ်းညွှန်ချက်အဖြစ်ထားရှိရမည် ဖြစ်ပါသည်။

​မြန်မာ့မြေပေါ်တွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လိုလားနေကြသည့် ပြည်သူများအတွက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လမ်းပြမြေပုံမှာ ယနေ့တိုင်အရေးပါနေဆဲ ဖြစ်သည်။ စည်းလုံးညီညွတ်မှုမရှိပါက မည်သည့်ရည်မှန်းချက်ကိုမျှ အောင်မြင်အောင်ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်းကို အာဇာနည် ခေါင်းဆောင်ကြီးများက ၎င်းတို့၏ဘဝဖြင့် သက်သေပြသွားခဲ့သည်။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် အာဇာနည်တို့၏ စိတ်ဓာတ်ကို အရင်းခံ၍ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရမည် ဖြစ်ပါသည်။

​အာဇာနည်နေ့သည် ဝမ်းနည်းပူဆွေးရမည့်နေ့သာမက နိုင်ငံအတွက် ခွန်အားသစ်များ ရယူရမည့်နေ့ဖြစ်သည်။ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဆုံးရှုံးမှုသည် တိုင်းပြည်အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သော်လည်း ၎င်းတို့၏မျိုးချစ်စိတ်ဓာတ်မှာမူ တိုင်းပြည်အတွက် မကုန်ခန်းနိုင်သော အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ ထိုအရင်းအမြစ်ကို အသုံးပြု၍ နိုင်ငံကို ပိုမိုကောင်းမွန်အောင် တည်ဆောက်သွားရန်မှာ အားလုံး၏တာဝန်ပင်ဖြစ်ပါသည်။

​ခေါင်းဆောင်ကောင်းဆိုသည်မှာ ရာထူးအာဏာဖြင့် တိုင်းတာခြင်းမဟုတ်ဘဲ ပြည်သူအပေါ်ထားရှိသည့် မေတ္တာနှင့် တိုင်းပြည်အပေါ်ထားရှိသည့် သစ္စာတရားဖြင့်သာ တိုင်းတာခြင်းဖြစ်ကြောင်း အာဇာနည် ခေါင်းဆောင်ကြီးများက သင်ခန်းစာပေးခဲ့သည်။ ၎င်းတို့သည် သမိုင်းတွင် အောင်မြင်သော ခေါင်းဆောင်များအဖြစ်သာမက ပြည်သူချစ်သော ခေါင်းဆောင်များအဖြစ်လည်း အစဉ်အမြဲထွန်းလင်းတောက်ပ နေမည်ဖြစ်ပါသည်။

တိုင်းပြည်၏ အနာဂတ်တွင် အကျိုးပြုနိုင်သူများဖြစ်အောင် ကြိုးပမ်း

​မျိုးဆက်သစ်လူငယ်များအနေဖြင့်လည်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းကိုလေ့လာပြီး အားသာချက်များကို အတုယူကာ တိုင်းပြည်၏ အနာဂတ်တွင် အကျိုးပြုနိုင်သူများဖြစ်အောင် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။ အာဇာနည်နေ့ကို အစဉ်အမြဲအောက်မေ့ သတိရနေခြင်းသည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို တုံ့ပြန်ခြင်းဖြစ်ပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းလည်း ဖြစ်ပါသည်။

​အာဇာနည်တို့၏ သွေးများသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် မြေကျခဲ့ရသော်လည်း ထိုသွေးစက်များသည်ပင် လွတ်လပ်ရေးကို အဓွန့်ရှည်စွာတည်တံ့စေရန် မြေဩဇာများအဖြစ် တည်ရှိနေ မည်ဖြစ်ပါသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်ရာတွင်လည်းကောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင်လည်းကောင်း အာဇာနည်တို့၏စိတ်ဓာတ်သည် အမြဲတမ်း အသက်ဝင်နေမည်ဖြစ်သည်။

တိုင်းပြည်၏ အခက်အခဲများကို ကျော်လွှားရန်မှာ စည်းလုံးညီညွတ်မှုသာဖြစ်ပြီး ထိုစည်းလုံးညီညွတ်မှုကို အာဇာနည်ခေါင်းဆောင်ကြီးများက ပုံစံထုတ်ပေးခဲ့ကြသည်။ ၎င်းတို့၏ အမြင်ကျယ်မှု၊ စိတ်ရှည်မှုနှင့် ပြည်သူအပေါ်ထားရှိသည့် အနစ်နာခံမှုများသည် ယနေ့ခေတ်အတွက် အလွန်ပင်လိုအပ်နေသော အရည်အသွေးများပင် ဖြစ်ပါသည်။

​အာဇာနည်နေ့တိုင်းတွင် ကျင်းပလေ့ရှိသည့် ဂုဏ်ပြုအခမ်းအနား များကသမိုင်းကို ပြန်လည်အောက်မေ့ရုံသက်သက်မဟုတ်ဘဲ အာဇာနည်တို့၏ စိတ်ဓာတ်ကို မိမိတို့၏ နှလုံးသားတွင် အသက်သွင်းရန်ဖြစ်ပါသည်။ အာဇာနည်တို့၏ ကျေးဇူးတရားကို အသိအမှတ်ပြုခြင်းသည် ကိုယ့်နိုင်ငံအပေါ် မိမိကိုယ်တိုင်တန်ဖိုးထားခြင်းကို ဖော်ပြနေခြင်း ဖြစ်သည်။

မြန်မာ့သမိုင်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမည်နာမများသည် အစဉ်အမြဲတောက်ပနေဦးမည်ဖြစ်ပြီး ၎င်းတို့၏ မွန်မြတ်သော စိတ်ဓာတ်များသည်လည်း မျိုးဆက်ပေါင်းများစွာဆီသို့ လက်ဆင့်ကမ်းသယ်ဆောင်သွားမည်ဖြစ်သည်။ သူတို့ပေးဆပ်သွား ခဲ့သောအရာများသည် အလကားမဖြစ်စေရန်မှာ လက်ရှိနေထိုင်နေကြသူများ၏ လက်ထဲတွင်သာရှိမည် ဖြစ်ပါသည်။

​အာဇာနည်တို့၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်မှသာလျှင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဝိညာဉ်များသည် ငြိမ်းချမ်းစွာ အနားယူနိုင်မည် ဖြစ်ပါသည်။ ဤတာဝန်ကို ထမ်းဆောင်ရန်မှာ ပြည်သူတစ်ရပ်လုံး၏ အဓိကမျှော်မှန်းချက် ဖြစ်သင့်ပါသည်။

အနာဂတ်လမ်းကြောင်းကို အမြဲတမ်းလမ်းပြပေးနေမည့် ကြယ်တာရာများ

သမိုင်းတွင် တည်ရှိနေသော အမှန်တရားကို မည်သူမျှ မဖျောက်ဖျက်နိုင်သကဲ့သို့ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးကိုလည်း မည်သူမျှ မပယ်ဖျက်နိုင်ပေ။ ၎င်းတို့သည် မြန်မာနိုင်ငံ၏ ပဲ့ကိုင်ရှင်များဖြစ်ကြပြီး အနာဂတ်လမ်းကြောင်းကို အမြဲတမ်းလမ်းပြပေးနေမည့် ကြယ်တာရာများ ဖြစ်ပါသည်။

အာဇာနည်နေ့၏ အနှစ်သာရကို နားလည်ပြီး ထိုစိတ်ဓာတ်ကို မိမိတို့၏ နေ့စဉ်ဘဝတွင် ကျင့်သုံးသွားမည်ဆိုပါက နိုင်ငံသည် တိုးတက်မှုလမ်းကြောင်းသို့ အလွယ်တကူရောက်ရှိသွားမည်ဖြစ်သည်။ ကိုယ်ကျိုးစွန့်အနစ်နာခံမှုနှင့် တိုင်းပြည်ချစ်စိတ်သည် နိုင်ငံ၏ အကြီးမားဆုံးသော အင်အားပင်ဖြစ်သည်။

အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် ထားရှိသည့် လေးစားမှုသည် စကားလုံးများဖြင့်သာမဟုတ်ဘဲ လုပ်ရပ်များဖြင့် ပြသရန်လိုအပ်ပါသည်။ နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ခြင်း၊ စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခြင်းတို့သည် အာဇာနည်တို့အား အကောင်းဆုံး ဂုဏ်ပြုခြင်းပင် ဖြစ်ပါသည်။

​အာဇာနည်နေ့ရောက်တိုင်း မိမိတို့သည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဆုံးရှုံးမှုကို ဝမ်းနည်းကြရသော်လည်း သူတို့ချန်ရစ်ခဲ့သော အမွေအနှစ်များကိုမူ ဝမ်းမြောက်စွာဖြင့် ထိန်းသိမ်းသွားရမည် ဖြစ်သည်။ ထိုအမွေအနှစ်များသည် မြန်မာနိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာများပင် ဖြစ်ပါသည်။

ဆိုရပါလျှင် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံ၏သမိုင်းတွင် မည်သည့်အခါမျှ မေ့ပျောက်၍မရနိုင်သော နေ့ရက်ဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားမှာလည်း အစဉ်အမြဲထွန်းလင်း တောက်ပနေမည်သာဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် အာဇာနည်တို့၏ စိတ်ဓာတ်ကိုအတုယူ၍ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်သွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရေးသားအပ်ပါသည်။ ။