နေပြည်တော် ဇူလိုင် ၁၇
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့ တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မင်းကုန်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံဆွေးနွေးပြီး အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိပါက ဆေးကုသပေးမှု၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်မှု ရှိ မရှိ၊ အလုပ်နားရက်တွင် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု၊ အကျဉ်းသားများက စခန်းစာကြည့်တိုက်ရှိ စာအုပ်များ ငှားရမ်း ဖတ်ရှုရာတွင် လွယ်ကူစွာဖတ်ရှုနိုင်ရေး ဆောင်ရွက်ပေးမှု ရှိ မရှိ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိ မရှိ၊ မိသားစုတွေ့ဆုံခွင့်နှင့် ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ လုပ်ငန်းခွင်အတွင်း တာဝန်ပေးအပ်ရာတွင် ခွဲခြားဆက်ဆံမှု ရှိ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှု ရှိ မရှိတို့ကို ကြည့်ရှု စစ်ဆေးကာ သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသားသုံးဦးကို မေးမြန်း မှတ်တမ်းတင်သည်။
ထို့နောက် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေများကို လှူဒါန်းသည်။
ယင်းအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


