နေပြည်တော် ဇူလိုင် ၁၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးကိုကိုလွင်တို့နှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ ထိန်းသိမ်းထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် MEVM မဲပေးစက်ဆိုင်ရာ ကြီးကြပ်မှု ကော်မတီဝင်များနှင့် တာဝန်ရှိသူများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးမှာကြားသည်။
မှာကြား
ထို့နောက် MEVM မဲပေးစက်များ ထိန်းသိမ်းထားရှိသည့်နေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲပေးစက်များသည် ကြီးကြပ်ကန့်သတ်ပစ္စည်းများ ဖြစ်၍ ထိခိုက်ပျက်စီးမှုမရှိစေရေး အီလက်ထရောနစ် မဲပေးစက် စစ်ဆေးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ပါအချက်များဖြစ်သော အီလက်ထရောနစ် မဲပေးစက်များ စစ်ဆေးခြင်း၊ ထားသိုခြင်း၊ စက်များထားရှိသည့်အခန်းအား လေဝင်လေထွက်ရှိစေရေး ဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မိုးရာသီတွင် ရေစိုပျက်စီးမှု၊ စိုထိုင်းဆကြောင့် စက်များထိခိုက်မှုမရှိစေရေး၊ ပိုးမွှားဖျက်ဆီးမှု အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဘက်ထရီများ စနစ်တကျထားသိုရေး အလေးထားဆောင်ရွက်ရန်နှင့် ပုံမှန်စစ်ဆေးခြင်းများ အလေးထားဆောင်ရွက် ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


