ဇူလိုင် ၁၆

နယ်သာလန်နိုင်ငံတွင် မကြာသေးမီက အပူလှိုင်းကြောင့် သေဆုံးသူ ၉၀၀ ကျော် ရှိကြောင်း အမျိုးသားပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအင်စတီကျု (RIVM) က ယမန်နေ့က ပြောကြားခဲ့သည်။

အပူလှိုင်းကြောင့် ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၅ ရက်အထိ ခန့်မှန်းခြေအားဖြင့် သေဆုံးသူ ၉၁၁ ဦး ရှိခဲ့ပြီး ယင်းကာလအတွင်း မျှော်မှန်းထားသည့် သေဆုံးမှုအရေအတွက်နှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားသည်ဟု ၎င်းက ဆိုသည်။

အပူလှိုင်းကာလအတွင်း အမြင့်ဆုံးအပူချိန်ကို ကြုံတွေ့ခဲ့ရသည့် တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် သေဆုံးမှု အများဆုံး မြင့်တက်လာခဲ့ပြီး ၅၇၆ ဦး သေဆုံးခဲ့သည်။ အသက် ၈၀ နှင့်အထက်ရှိသူများသည် အပူလှိုင်းကြောင့် သေဆုံးမှုနှုန်း၏ ၅၄၇ ဦးရှိခဲ့ပြီး အသက်အရွယ်အုပ်စုအားလုံးတွင် အများဆုံး မြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။

သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများသည် အပူဒဏ်ပြင်းထန်စွာ ခံစားရလေ့ရှိကြောင်း အမျိုးသားပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအင်စတီကျုက ပြောကြားခဲ့ပြီး အပူလှိုင်းကာလအတွင်း လေထုညစ်ညမ်းမှု မြင့်မားလာခြင်းသည် ရောဂါအခံရှိသူများအပေါ် ဖိအားများ ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

နယ်သာလန်တော်ဝင် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အင်စတီကျုမှ ရရှိသော အချက်အလက်များအရ ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အတွင်း အပူချိန်များ မြင့်တက်လာကာ စံချိန်တင်အမြင့်ဆုံးအပူချိန် ၃၉ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့သည်။

နိုင်ငံ၏ အချို့ဒေသများတွင် အပူချိန်များသည် ရာသီအလိုက် ပုံမှန်ရှိသင့်သည့် ပျမ်းမျှအပူချိန်ထက် ဆက်လက်မြင့်မားလျက်ရှိသည်။ ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ပြည်နယ် ခုနစ်ခုတွင် အမျိုးသား အပူလှိုင်းတုံ့ပြန်ရေးအစီအစဉ်ကို စတင်အသက်သွင်းခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ပြုစုစောင့်ရှောက်သူများနှင့် မိသားစု သို့မဟုတ် မိတ်ဆွေများအနေဖြင့် အခကြေးငွေမယူဘဲ စောင့်ရှောက်ပေးနေသူများကို သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများနှင့် အခြား ထိခိုက်လွယ်သောအုပ်စုများအား ပိုမိုဂရုစိုက်၍ ထပ်ဆောင်းကူညီပေးရန် နယ်သာလန်တော်ဝင် မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အင်စတီကျုက တိုက်တွန်းထားသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို