ဇူလိုင် ၁၄

အာဖဂန်နိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့သည် ဟီရိုအင်းအပါအဝင် တရားမဝင် မူးယစ်ဆေးဝါး အမြောက်အမြားကို ဖမ်းဆီးသိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ ၆၁ ဦးကိုလည်း ထိန်းသိမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့သည် ကပီဆာ၊ ပါဝမ်  နှင့် နန်ဂါဟာပြည်နယ်များမှ  ဟာရှစ်ရှ်၊ မက်သမ်ဖက်တမင်း၊ ဟီးရိုးအင်းနှင့် ဒေသတွင်းတွင် ‘Tablet K’ ဟု လူသိများသော မူးယစ်စေတတ်သော ဆေးပြား ၁၁၀၀၀ ပြား အပါအဝင် တရားမဝင် ပစ္စည်းအမျိုးမျိုးကိုရှာဖွေတွေ့ရှိခဲ့သည်ဟု X လူမှုကွန်ရက်တွင် တင်ထားသော ကြေညာချက်တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့သည် ပြည်သူလူထုထံ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်ဖြန့်ဖြူးမှုဖြင့် လူ ၆၁ ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

တင်းကျပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု သတိပေးထားပြီး ရဲတပ်ဖွဲ့က နိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို တရားမဝင်မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း သို့မဟုတ် ရောင်းဝယ် ဖောက်ကားခြင်းကို လုံးဝ ခွင့်ပြုမည်မဟုတ်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို