ရန်ကုန် ဇူလိုင် ၁၃
ဆေးတက္ကသိုလ်(၂)(ရန်ကုန်) ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် သထုံလမ်းရှိ တက္ကသိုလ်များ ဘောလုံးကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် ဆေးတက္ကသိုလ်(၂) (ရန်ကုန်)ပါမောက္ခချုပ် ဒေါက်တာ မိုးဝင့်အောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပထမပွဲစဉ်အဖြစ် နောက်ဆုံးနှစ် အပိုင်း(ခ)အသင်းနှင့် ပထမနှစ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ၂၀၂၆ ခုနှစ် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ၁၄ ခရိုင် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဘင်ခရာနှင့် ပန်းဖွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပထမပွဲစဉ် အလုံခရိုင်အသင်းနှင့် တွံတေးခရိုင်အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၁)(စက်ဘီးကွင်း)၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် အလုပ်သင်ဆရာဝန်အသင်းနှင့် စတုတ္ထနှစ် B.D.S အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်ဆုရရှိသူများနှင့် ဆုရရှိသည့်အသင်းများအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဖလားတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


