ရန်ကုန်     ဇူလိုင်    ၁၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏  အဓိကပံ့ပိုးကူညီမှုဖြင့်  ကျင်းပသည့်  ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅) ပထမနေ့ကို ဇူလိုင် ၁၃ ရက်က ကျင်းပရာ  အား/ကာသိပ္ပံအသင်း ရာနှုန်းပြည့်နိုင်ပွဲရပြီး ရတနာပုံအသင်း နိုင်ပွဲပြန်ရခဲ့သည်။

YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံ(ISPE) အသင်းက သစ္စာအားမာန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ အား/ကာသိပ္ပံအသင်းသည် ရာသီအစ ငါးပွဲဆက်တိုက် အနိုင်ရရှိကာ ဇယားထိပ်ဆုံးတွင်   အမှတ်ပြတ်ဦးဆောင်နေသည်။   သစ္စာအားမာန်အသင်းသည် အမှတ်ရရန် ကြိုးပမ်းခဲ့သော်လည်း ပထမပိုင်းတွင် ပေးလိုက်ရသည့်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းပြီး ကွင်းထဲတွင် ရေများရှိနေသဖြင့် နှစ်သင်းစလုံး စိတ်ကြိုက်မကစားနိုင်ဘဲ ထိန်းကစားခဲ့ရသည်။

အား/ကာသိပ္ပံအသင်းသည် ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သလို တစ်လုံးတည်းသော အနိုင်ဂိုးကို ၃၇ မိနစ်တွင် စန္ဒာလင်းက သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆုကို ခင်မာလာထွန်း(အား/ကာသိပ္ပံ)ကရရှိပြီး    အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက Young Lionesses အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် အဓိကတိုက်စစ်မှူး အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်း မပါနိုင်သော်လည်း နိုင်ပွဲပြန်ရှာတွေ့ခဲ့ပြီးတတိယမြောက် နိုင်ပွဲရယူနိုင်ခဲ့သည်။ ရတနာပုံအသင်းအတွက် ဂိုးများကို ၃၅ မိနစ်တွင် ပင်မြင့်ယံ၊ မိနစ် ၇၀ တွင် နှင်းစန္ဒာဝင်းတို့က သွင်းယူပြီး  Young Lionesses အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၃ မိနစ်တွင် ရှင်းသန့်ဖြူစင်ပြုံးက သွင်းယူသည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆုကို ရတနာပုံတိုက်စစ်မှူး နှင်းစန္ဒာဝင်းက ရရှိပြီး  အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပွဲစဉ်(၅)ဒုတိယနေ့ကို ဇူလိုင် ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ဧရာဝတီအသင်းနှင့် မြဝတီအသင်း၊ ပဒုမ္မာကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - YDNBFC