နေပြည်တော် ဇူလိုင် ၁၃

 

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက် အတွင်း၌ သီတင်းသုံးလျက်ရှိသည့် စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက် ဆရာတော်အား သတ်ဖြတ်၍ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ငွေကျပ် ငါးသိန်း လုယက်ယူဆောင်သူ တရားခံ ငါးဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း၌ သီတင်းသုံးလျက်ရှိသည့် စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက် ဆရာတော် ဥူးပညာဝံသ (ခ) ဒေါက်တာဖေဉာဏ် (၇၅) နှစ် (၁၅) ဝါသည် ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်း၌ ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရပြီး ဆရာတော်၏ လက်ကိုင်ဖုန်းနှစ်လုံး ပျောက်ဆုံးလျက်ရှိကြောင်း သိရသဖြင့် မှော်ဘီမြို့မရဲစခန်းတွင် (ပ) ၃၂၂/ ၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အထူးအမှုစစ်အဖွဲ့သည် တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်အတွင်း ဝင်/ ထွက်သွားလာသူများကို စိစစ်ဆောင်ရွက်ခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြစ်မှုကျူးလွန်သူ မှော်ဘီမြို့နယ် ကုလားကြီးကုန်းကျေးရွာနေ တရားခံ သက်ပိုင်ထွန်း (ခ) ပိုင်လေး (၂၀) နှစ်ကို ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။ 

 

တရားခံ သက်ပိုင်ထွန်း (ခ) ပိုင်လေးကို စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင် ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကုလားကြီးကုန်းကျေးရွာနေ စိုးရာဇာ (ခ) စိုးဝင်းကျော် (၂၂) နှစ်နှင့် ဝေယံနိုင် (ခ) ဝေယံ (၁၉) နှစ်တို့ နှစ်ဦးကို မှော်ဘီမြို့နယ် ကုလားကြီးကုန်းကျေးရွာရှိ ၎င်းတို့၏ နေအိမ်များ၌ လည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေ တရားခံ တိုးဝင်းကျော် (ခ) တိုးဝေကျော် (ခ) ကုလား (၂၈) နှစ် အားလှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၇) ရပ်ကွက်ရှိ ရွှေထိပ်တင်ဘီယာဆိုင်အနီး၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိ တရားခံများဖြစ်ကြသည့် သက်ပိုင်ထွန်း (ခ) ပိုင်လေး၊ စိုးရာဇာ (ခ) စိုးဝင်းကျော်၊ ဝေယံနိုင် (ခ) ဝေယံနှင့် တိုးဝင်းကျော် (ခ) တိုးဝေကျော် (ခ) ကုလားတို့ လေးဦးကို စစ်ဆေးချက်အရ ၎င်းတို့ လေးဦးနှင့် ဖမ်းဆီးရန်ကျန် တရားခံ စိုးထက် (ခ) အေကေတီတို့ ငါးဦးသည် မှော်ဘီမြို့နယ် ကုလားကြီးကုန်းကျေးရွာအတွင်း ပန်းရန်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းတွင် သက်ပိုင်ထွန်း (ခ) ပိုင်လေး၏ နေအိမ်တွင် ၎င်းတို့ ငါးဦးတွေ့ဆုံခဲ့ကြပြီး သက်ပိုင်ထွန်း (ခ) ပိုင်လေးက ငွေကြေးအဆင်မပြေကြောင်းပြောရာ စိုးရာဇာ (ခ) စိုးဝင်းကျော်က မှော်ဘီမြို့နယ် (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်အတွင်း ဝင်ရောက်ခိုးယူရန် တိုင်ပင်ခဲ့ကြပြီး ည ၁၀ နာရီတွင် ၎င်းတို့ ငါးဦးသည် စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြကြောင်း၊ ကျောင်းဆောင်အတွင်း ရောက်ရှိစဉ် ဆရာတော်ကြီးအား ခုတင်ပေါ်တွင် ထိုင်လျက်တွေ့ရှိရပြီး ဆရာတော်ကြီးက ၎င်းတို့အား မြင်တွေ့သွားခဲ့သဖြင့် အသင့်ပါလာသည့် အရိုး/ အသွား ၁၈ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းနှင့် ကျောင်းဆောင်အတွင်းမှ တွေ့ရှိရသည့် စတီးဓား တစ်ချောင်းတို့ဖြင့် ဆရာတော်ကြီးအား ထိုးသတ်ခဲ့ကြကြောင်း။

 

ထို့နောက် ဆရာတော်ကြီးထံမှ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ငွေကျပ် ငါးသိန်းတို့ကို လုယက်ယူဆောင်ခဲ့ပြီး ဖုန်းနှစ်လုံးအား စိုးရာဇာ (ခ) စိုးဝင်းကျော်နှင့် သက်ပိုင်ထွန်း (ခ) ပိုင်လေးတို့က တစ်လုံးစီယူဆောင်ကာ ခိုးယူရရှိ ငွေကျပ်ငါးသိန်းအား ဝေယံနိုင် (ခ) ဝေယံက တစ်သိန်း လေးသောင်းကျပ်နှင့် တိုးဝင်းကျော် (ခ) တိုးဝေကျော် (ခ) ကုလားနှင့် ဖမ်းဆီးရန်ကျန်တရားခံ စိုးထက် (ခ) အေကေတီတို့က တစ်သိန်း ရှစ်သောင်းကျပ်စီ ခွဲဝေယူဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

 

သက်ပိုင်ထွန်း (ခ) ပိုင်လေးပါ လေးဦးတို့၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများ သိမ်းဆည်းရရှိရေးဆောင်ရွက်ခဲ့ရာ သက်သေခံဖုန်း နှစ်လုံးကို မှော်ဘီမြို့နယ်ရှိ ဖုန်းအပိုပစ္စည်းအရောင်းဆိုင်များမှလည်းကောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားမြှောင်တစ်ချောင်းနှင့် လောက်လေးခွ ထည့်ထားသည့် ဘေးလွယ်အိတ် တစ်လုံးတို့ကို စန္ဒကူးမြိုင်ရိပ်သာ ကျောင်းဝင်းအတွင်းရှိ ရေမြောင်းအတွင်းမှလည်းကောင်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံဖြစ်သူ တောင်ငူမြို့နယ်နေ တရားခံ စိုးထက် (ခ) အေကေတီ (၁၉) နှစ် အား ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းတွင် တောင်ငူမြို့နယ် (၁၉) ရပ်ကွက်ရှိ ညောင်ပင်လေးဈေးအနီး၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်တွင် မှော်ဘီမြို့နယ် စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက် ဆရာတော်အား သတ်ဖြတ်ပြီး လက်ကိုင်ဖုန်း နှစ်လုံးနှင့် ငွေကျပ် ငါးသိန်းအား လုယက်ယူဆောင်ခဲ့သူ တရားခံ သက်ပိုင်ထွန်း (ခ) ပိုင်လေး၊ စိုးရာဇာ (ခ) စိုးဝင်းကျော်၊ ဝေယံနိုင် (ခ) ဝေယံ၊ တိုးဝင်းကျော် (ခ) တိုးဝေကျော် (ခ) ကုလားနှင့် စိုးထက် (ခ) အေကေတီတို့ ငါးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်