နေပြည်တော် ဇူလိုင် ၁၃

 

ပဲခူးပြည်သူ့ဆေးရုံကြီး ခြောက်ထပ် ဆေးကုသဆောင်သစ် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး၌ ကျင်းပသည်။

 

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှတို့က အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြပြီး ခြောက်ထပ် ဆေးကုသဆောင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 

အဆိုပါ အဆောက်အအုံကို မြေဧရိယာ ၂၅ ဒသမ ၀၃ ဧက ပေါ်တွင် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၂၆၄၉ ဒသမ ၇၂၇ သန်း အသုံးပြု၍ ဓာတ်လှေကား နှစ်စင်း ပါဝင်တည်ဆောက်ထားခြင်းဖြစ်ပြီး အဆိုပါဆေးကုသဆောင်တွင် အသုံးပြုရန်အတွက် ဓာတ်မှန်စက်အသစ်၊ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများ၊ လူနာခုတင်နှင့် အခြားဆေးရုံသုံး ပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားပြီး ပဲခူးပြည်သူ့ဆေးရုံကြီးတွင် အထူးကု ဘာသာရပ် ၁၄ ခုဖြင့် နေ့စဉ်ပျမ်းမျှ အတွင်းလူနာ ၃၅၀ ခန့်၊ ပျမ်းမျှ ပြင်ပလူနာ ၅၅၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့် ခြောက်ထပ် ဆေးကုသဆောင်တွင် ဖျားနာဆောင်၊ ကင်ဆာရောဂါကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရိုးရောဂါကုသဆောင်၊ အထောက်အကူပြုဌာနများ၊ ခေတ်မီခွဲစိတ်ခန်းများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးမည်ဖြစ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့နယ် ဘုရားကြီး တိုက်နယ်ဆေးရုံသို့ သွားရောက်ကာ အရေးပေါ်လူနာ ဌာန၊ ဓာတ်ခွဲခန်း၊ အတွင်းလူနာဆောင်၊ ခွဲစိတ်ခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်