ရေး ဇူလိုင် ၁၂
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး(လူ၊ ပစ္စည်း၊ ယန္တရား)ကြိုတင်စုဖွဲ့ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ခြင်းကို ရေးမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး ဇာနည်မင်းထက်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ (ခေတ္တ)ခရိုင်အုပ်ချုပ်ရေးမှူး သူရဦးရန်နိုင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် တာဝန်ရှိသူများက မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့နှင့် ရပ်ကွက်အလိုက် ပရဟိတ လူမှုကူညီရေးအသင်း အဖွဲ့ဝင်များ၏(လူ၊ ပစ္စည်း၊ ယန္တရား) အသင့်အနေထား စုဖွဲ့ဆောင်ရွက် ထားရှိမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် တပ်နယ်မှူးက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသင့်ကြိုတင် ကာကွယ် စုဖွဲ့ဆောင်ရွက်ထားရှိခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ရှင်းသန့်ဖြူ


