ဇူလိုင် ၁၀
သြစတြေးလျတောင်ပိုင်းပြည်နယ်ရှိ ကမ်းရိုးတန်းငှက်တစ်ကောင်တွင် သေစေနိုင်သော မျိုးကွဲပိုး တွေ့ရှိပြီးနောက် H5N1 ငှက်တုပ်ကွေး ဒေသတွင်းကူးစက်မှုတွေ့ရှိကြောင်း သြစတြေးလျအာဏာပိုင်များက ယနေ့တွင် ကြေညာခဲ့သည်။
အဆိုပါကမ်းရိုးတန်းမြို့ Robe အနီးတွင် သေဆုံးနေသည့် ရာသီအလိုက်ရွှေ့ပြောင်းမှုမရှိသော Greater Crested Tern (ပင်လယ်ငှက်မျိုး) တစ်ကောင်ကို စမ်းသပ်စစ်ဆေးရာ H5N1 ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း သြစတြေးလျ စိုက်ပျိုးရေးဝန်ကြီး Julie Collins က သတင်းထောက်များအား ပြောကြားခဲ့သည်။
ဩစတြေးလျပြည်မကြီးရှိ ဒေသခံ တောရိုင်းတိရစ္ဆာန်များတွင် အလွန်ပြင်းထန်သော ရောဂါဖြစ်စေသည့် H5N1 ဗိုင်းရပ်စ်မျိုးကွဲကို ပထမဆုံးအကြိမ် အတည်ပြုတွေ့ရှိခြင်းဖြစ်သည်။ ယခင်တွေ့ရှိခဲ့သော ဖြစ်စဉ်များအားလုံးမှာမူ အန္တာတိကတိုက်အနီးရှိဒေသမှ ရာသီအလိုက်ရွှေ့ပြောင်းလာသော ငှက်များတွင်သာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Greater Crested Tern ငှက်အပြင် ဩစတြေးလျ တောင်ပိုင်းပြည်နယ်တွင် H5N1 ဗိုင်းရပ်စ်ပိုး ကူးစက်မှု နောက်ထပ် နှစ်ခုနှင့် အနောက်ပိုင်းပြည်နယ်တွင် တစ်ခုကိုလည်း အာဏာပိုင်များက အတည်ပြုထားပြီး ဩစတြေးလျပြည်မကြီးတွင် အတည်ပြုထားသော H5N1 ကူးစက်မှု စုစုပေါင်း ၁၂ ခု အထိ ရှိလာခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


