မဲလ်ဘုန်း ဇူလိုင် ၉
ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစီနှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့သည် ဇူလိုင် ၉ ရက်က သဘောတူညီချက်တစ်ရပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက်အရ ဩစတြေးလျနိုင်ငံက နျူကလီးယားစွမ်းအင်အတွက် အသုံးပြုမည့် ယူရေနီယံကို အိန္ဒိယနိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ နျူကလီးယားပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အောက်တွင် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက် အသုံးပြုရန် အိန္ဒိယသို့ ယူရေနီယံတင်ပို့မည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အယ်လ်ဘာနီးစီက ဇူလိုင် ၉ ရက်က မဲလ်ဘုန်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် ဩစတြေးလျ - အိန္ဒိယ ထိပ်သီးအစည်းအဝေးတွင် ပြောကြားသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ဩစတြေးလျနိုင်ငံသို့ သုံးရက်ကြာ တရားဝင်ခရီးစဉ်ဖြင့် လာရောက်ခြင်းဖြစ်ပြီး ဇူလိုင် ၈ ရက် ညပိုင်းတွင် ရောက်ရှိခဲ့သည်။ နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်သည် အရေးပါပြီး အိန္ဒိယနိုင်ငံ၏ သန့်ရှင်းသောစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်သစ်တစ်ရပ် ဖြစ်စေမည်ဟု မိုဒီက ပြောကြားသည်။
ဆင်ဟွာ


