နေပြည်တော် ဇူလိုင် ၉
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-6)ရှိ တောင်သူလယ်သမားရေးရာ ကော်မတီဝင်များအား သွားရောက်တွေ့ဆုံသည်။
ဦးစွာ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်၍ တောင်သူလယ်သမား ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကျော်က ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လွှတ်တော်အခွင့် အရေးကော်မတီဥက္ကဋ္ဌ အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၏ နေ့စဉ်လုပ်ငန်းစဉ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက် ပေးနေပါကြောင်း၊ မိမိတို့၏ လွှတ်တော်သက်တမ်း (၅)နှစ် အတွင်း လွှတ်တော်ကို ဂုဏ်သိက္ခာ မြင့်မားသည့် လွှတ်တော်ဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ် တစ်ဦးချင်း၏ စွမ်းဆောင်ရည်မြင့်မားမှသာ လွှတ်တော်၏ အခန်းကဏ္ဍ မြင့်မားလာမည်ဖြစ်၍ ကိုယ်စားလှယ်များ၏ အရည်အချင်းမြှင့်တင်နိုင်ရေးအတွက် ဥပဒေဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးဟောပြော ပွဲများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောင်တွင်လည်း ကိုယ်စားလှယ်များအတွက် အထောက်အကူ ဖြစ်စေမည့် သင်တန်းများ ဆက်လက်ပြုလုပ် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ အခန်းကဏ္ဍ မြင့်မားတိုးတက်ရေးကို ကော်မတီက ထူးခြားသည့်ခြေလှမ်းများဖြင့် အားဖြည့်ဆောင်ရွက်သွား စေလိုပါကြောင်း၊ လွှတ်တော်အနေဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများအပေါ် လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်ရမည့် ကိစ္စရပ်များကို ခေတ်နှင့်လျော်ညီအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ယင်းအပြင် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများအပေါ် သုံးသပ်ပြီး အသစ်ပြဋ္ဌာန်းပေးရန် လိုအပ်မည့် ဥပဒေများကို ပြဋ္ဌာန်းပေးရမည် ဖြစ်ပါကြောင်း၊ တောင်သူ လယ်သမား အကျိုးစီးပွားနှင့် ပတ်သက်၍လည်း လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် လုံလောက်မှုမရှိပါက လိုအပ်သည့် ဥပဒေအသစ်များ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူကို ကိုယ်စားပြုသူများ ဖြစ်သဖြင့် လွှတ်တော်၏ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အသံများကို အကောင် အထည်ဖော်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခြင်း၊ လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းဖြင့် ဆောင်ရွက်ပေးရပါကြောင်း၊ တောင်သူလယ်သမားများသည် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် ရှိသည့်အပြင် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံလည်းဖြစ်၍ တောင်သူလယ်သမားရေးရာကော်မတီသည် အရေးကြီးသည့် ကော်မတီတစ်ရပ် ဖြစ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍လည်း လက်ရှိအခြေအနေများနှင့် ကိုက်ညီအောင် ပြင်ဆင် ဖြည့်စွက်ခြင်းများ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက်လည်း ကော်မတီအနေဖြင့် ယနေ့ တောင်သူလယ်သမားများ အမှန်တကယ် ကြုံတွေ့နေရသည့် သွင်းအားစုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးချေးငွေများ အချိန်မီ ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ ထိုက်သင့်သည့် စပါးဈေးနှုန်း ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်လေ့လာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လွှတ်တော် အနေဖြင့်လည်း တောင်သူ လယ်သမားများနှင့် သက်ဆိုင်သည့် “လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေမှ ထွက်ရှိသော ထွက်ကုန် သီးနှံဈေးနှုန်းထိန်းညှိရေးကော်မရှင်”တစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ပေးရန် အဆိုအား တင်သွင်းပြီး အတည်ပြုပေးခဲ့ပါကြောင်း၊ တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် လယ်ယာ မြေပြဿနာများ၊ လယ်ယာ လုပ်သားရှားပါးမှု ပြဿနာများ၊ ရာသီဥတု ဖောက်ပြန်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ကြွေးမြီသံသရာ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး အသေးစိတ် လေ့လာသုံးသပ် ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ တောင်သူလယ်သမားများ အရေးအတွက် နိုင်ငံတော် အစိုးရကလည်း အထူးအလေးထား ဆောင်ရွက်နေသည်ဖြစ်၍ မိမိတို့က ပူးပေါင်းကူညီဆောင်ရွက် သွားရန် လိုပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူ လယ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း လုပ်ငန်းစဉ် များကို စိစစ်သုံးသပ်၍ အရွေ့တစ်ခုသို့ ရောက်အောင် ဆောင်ရွက်ကြ စေလိုပါကြောင်း၊ တောင်သူ လယ်သမားများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံခြင်း၊ အခြားသော အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ NGO ၊ INGO များနှင့် တွေ့ဆုံခြင်းတို့မှ ရရှိလာသည့် အချက်အလက်များ အပေါ်မူတည်၍ လွှတ်တော်တွင် လယ်သမားများအကျိုး ရှေးရှုသည့် မေးခွန်းများ၊ အဆိုများတင်သွင်း ဆောင်ရွက်နိုင်သည် အထိ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကော်မတီအနေဖြင့် တောင်သူ လယ်သမားများ၏ အကျိုးစီးပွား ကာကွယ်ရေးဥပဒေများ စိစစ်ရာတွင် တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ အပြည့်အဝခံစားရရှိစေရန် အတွက် သွင်းအားစုများ ဈေးနှုန်းချိုသာစွာ ရရှိရေး၊ သီးနှံဈေးနှုန်း တည်ငြိမ်ရေး၊ သီးနှံသိုလှောင်ရေးစနစ်နှင့် ဈေးကွက်ရရှိရေး၊ လယ်ယာ နည်းပညာ သင်တန်းများနှင့် ရာသီဥတုအလိုက် စိုက်ပျိုးရေး အကြံပြု ဝန်ဆောင်မှုပေးခြင်း စသည့် ပြဋ္ဌာန်းချက်များ ပြည့်စုံ စွာပါရှိစေရေး လေ့လာဆန်းစစ် ဆောင်ရွက်ကြစေလိုပါကြောင်း၊ လိုအပ်ပါက Contract Farming Law ၊ Crop Insurance Law ၊ Agricultural Extended Service Law ၊ Agricultural Marketing Law များနှင့်ပတ်သက်၍ ဥပဒေ တစ်ခုချင်းစီကိုသော် လည်း ကောင်း၊ အားလုံးကို လွှမ်းခြုံနိုင်သော တောင်သူလယ်သမား အကျိုးစီးပွားကို ကာကွယ်နိုင်မည့် ဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေးကို သော်လည်းကောင်း ကြိုးစား ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်အတွက် အရေးပါသည့် တောင်သူ လယ်သမားများ အားကိုးအားထား ပြုရသော လွှတ်တော်တစ်ရပ် ဖြစ်လာအောင် ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့သည် ကော်မတီအဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


