ရန်ကုန် ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုမိုးစပါး ၆၂၇၉၉၆ ဧကကို စိုက်ပျိုးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“အခုနှစ် မိုးစပါးရာသီမှာ ပြည်ပပို့ကုန်စပါး စိုက်ပျိုးတဲ့ဇုန်အဖြစ် အထွက်ကောင်းစပါး ၁၄ မျိုး ကို တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးနေတာရှိပါတယ်။ လာမယ့်နှစ်မှာလည်း စိုက်ပျိုးဧက တိုးချဲ့ပြီး စိုက်ပျိုးသွားမှာပါ။ ပြည်ပဝယ်လိုအားရှိတဲ့ ပေါ်ဆန်းဆိုရင် မနှစ်က တိုင်းဒေသကြီးထဲက မြို့နယ် ၆ မြို့နယ်မှာ ဧက ၁၆၅၇၀ စိုက်ခဲ့တယ်။ ဒီနှစ် မြို့နယ် ၁၀ မြို့နယ်မှာ တိုးချဲ့စိုက်ပျိုးမှုရှိတယ်။ တောင်သူတွေအတွက် အကျိုးဖြစ်ထွန်းစေဖို့ စိုက်ပျိုးရေးနည်းပညာပိုင်းဆိုင်ရာ သင်တန်းတွေပေးခဲ့တဲ့အပြင် ဓာတ်မြေဩဇာနဲ့ သဘာဝမြေဩဇာတွဲဖက်ပြီး အသုံးပြုနိုင်အောင်လည်း အသိပညာပေးခဲ့ပါတယ်။ မိုးစပါးရဲ့ စပါးအရည်အသွေး ပိုမိုကောင်းမွန်လာမှုကြောင့် တောင်သူတွေက စပါးထွက်မယ့်အချိန်ကို စောင့်မျှော်နေကြပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်က ပြောသည်။
တိုင်းဒေသကြီးအတွင်း အထွက်ကောင်းစပါးမျိုး ၁၄ မျိုးဖြစ်သည့် ဆင်းသုခ၊ ရက် ၉၀၊ အောင်နိုင်တိုး၊ ရတနာတိုး၊ နှံကောက်၊ သီးထပ်ရင်၊ မှော်ဘီ-၂၊ မှော်ဘီ- ၃၊ ကရင်မ၊ ထွန်းပု၊ ငစိန်ရာကျော်၊ ပေါ်ဆန်း၊ ဧရာမင်းနှင့် GW-11 တို့ကို စိုက်ပျိုးမှုများသည့်အပြင် ဧရာမင်း၊ ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းရင်၊ အင်းမရဲဘော်၊ ဘာစမာတီ၊ မှော်ဘီ(၂)နှင့် ဒေသမျိုးဖြစ်သည့် ဇီယာ၊ မီးတုံး၊ ငကျွဲ၊ ငစိန်၊ ကောက်ညှင်း၊ ရာနှစ်ထွန်းမျိုးစပါးတို့ကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
မိုးစပါးများ အထွက်နှုန်းကောင်းမွန်စေရန် သွင်းအားစုအဖြစ် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သော ယူရီးယားဓာတ်မြေဩဇာအိတ် ၅၆၄၀ ကို တိုင်းဒေသကြီးမှ တောင်သူများထံ ပထမအကြိမ်အဖြစ် ဖြန့်ဖြူးပေးခဲ့ပြီး ယူရီးယားအိတ်ပေါင်း ၆၀၀၀၀ နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ အိတ်ပေါင်း ၃၀၀၀၀ ကို ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သစ္စာ(mna)၊ ဓာတ်ပုံ-ဇွဲမာန်


