ရန်ကုန် ဇူလိုင် ၉

 

ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေး ဧရိယာတွင် ရှားပါးမျိုးစိတ်ဖြစ်သည့် ကြိုးကြာငှက်အသိုက်ကို ၂၀၂၆ ခုနှစ်အတွက် ပထမဆုံးအကြိမ်အနေဖြင့် ဇူလိုင် ၈ ရက်တွင် စတင်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ကျုံကပြင်-တက်ဆိပ် ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

 

ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (KT-CCA)သည် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ကြိုးကြာ ငှက်အသိုက်စာရင်းများကို နှစ်စဉ် ကောက်ယူလျက်ရှိသည်။ အဆိုပါ ငှက်များသည် မိုးရာသီတွင် အသိုက်ဆောက်လုပ်ပြီးစီးပါက ဥဥခြင်းကိုစတင်ကာ ဥတစ်လုံးမှ နှစ်လုံးအထိ ဥလေ့ရှိပြီး တစ်နှစ်လျှင် တစ်ကြိမ်သာ သားပေါက်လေ့ရှိကြောင်း သိရသည်။

 

KT-CCA အနေဖြင့် ဇီဝမျိုးစုံ ထိန်းသိမ်းရေးကို လုပ်ဆောင်လျက်ရှိပြီး မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် ငှက်များ၊ ရှားပါးငှက်မျိုးစိတ်များနှင့် ဌာနေငှက်များ အပါအဝင် လက်ရှိတွင် ငှက်မျိုးစိတ် ၁၀၀ ခန့် ကျုံကပြင်- တက်ဆိပ်သားငှက်ထိန်းသိမ်းရေးဧရိယာအတွင်း ကျက်စားလျက်ရှိကြောင်း သိရသည်။

 

KT-CCA သည် ဒေသခံများ ကိုယ်တိုင်ဦးဆောင်၍ ဇီဝမျိုးစုံ မျိုးကွဲ စောင့်ကြည့်ရေးလုပ်ငန်း၊ ပညာပေးလုပ်ငန်း၊ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းနှင့် ရေရှည်တည်တံ့သော သယံဇာတထုတ်ယူ သုံးစွဲနိုင်ရေး နည်းပညာပေး လုပ်ငန်းများကို ဆက်စပ်အဖွဲ့အစည်းများနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ဒေသခံများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်ရန် ကျုံကပြင်-တက်ဆိပ် သားငှက်ထိန်း‌‌သိမ်းရေး နယ်မြေတွင် ဇီဝမျိုးစုံထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်၍ ငှက်လာရောက်ကြည့်ရှုနိုင်သည့်အစီအစဉ်ကို ဖော်ဆောင်ထားကြောင်းလည်း သိရသည်။

MT