ရန်ကုန် ဇူလိုင် ၈
ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများအား သွင်းအားစုများပေးအပ်ပွဲကို ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် AGRO EXPORTS COMPANY LIMITED မှအထွေထွေမန်နေဂျာ ဦးသန်းလင်းတို့က အမှာစကားပြောကြားကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောဝင်းကိုက သွင်းအားစုများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးရေးဇုန် (RICE EXPORT ZONE) စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မိုးစပါး ၅၃၃ ဧက စိုက်ပျိုးသွားမည့် ချောင်းညီအကို ကျေးရွာနှင့် နဲဗျောကျေးရွာတို့မှ တောင်သူ ၅၇ ဦးအား တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ညီမျှသည့် သွင်းအားစုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


