မန္တလာ ဆရာမျိုး

 

ကျန်းမာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝအတွက်သာမက မိသားစု၊ လူ့အသိုက်အဝန်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟုဆိုသည့်အတိုင်း လူတစ်ဦးသည် ကျန်းမာမှသာ ပညာသင်ကြားနိုင်မည်။ အလုပ်လုပ်နိုင်မည်။ မိသားစုကို စောင့်ရှောက်နိုင်မည်။ လူမှုဘဝတွင် အကျိုးရှိစွာ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေးသည် ဆေးရုံ၊ ဆေးခန်းနှင့်သာ သက်ဆိုင်သော ကိစ္စမဟုတ်ဘဲ လူတိုင်း၏ နေ့စဉ်ဘဝနှင့် နီးကပ်စွာ ဆက်စပ်နေသော အရေးကြီးဆုံး လူမှုရေးအခြေခံလိုအပ်ချက်ဖြစ်ပါသည်။

 

နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်မှုကို ဆန်းစစ်ကြည့်ရာတွင် ဆေးရုံအရေအတွက်၊ ဆရာဝန်အရေအတွက်၊ ဆေးဝါးရရှိ နိုင်မှုတို့ကိုသာကြည့်၍ မလုံလောက်ပါ။ ပြည်သူများ၏ ပျမ်းမျှသက်တမ်း၊ မိခင်သေဆုံးနှုန်း၊ ကလေးသေဆုံးနှုန်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကျေးလက်ဒေသအထိ ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီမှု၊ အရေးပေါ်ကုသမှုရရှိနိုင်မှု၊ ဆေးကုသစရိတ်ကြောင့် မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ် မဖြစ်တို့ကိုပါ ထည့်သွင်းစဉ်းစားရပါသည်။

 

ကျန်းမာရေး
 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) က ကျန်းမာရေးကို ရောဂါမရှိခြင်းတစ်ခုတည်းမဟုတ်ဘဲ ကိုယ်ခန္ဓာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးအရ ပြည့်စုံကောင်းမွန်သော အခြေအနေဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဤအယူအဆအရ ကျန်းမာရေးသည် ဆေးကုသမှုတစ်ခုတည်းနှင့် မလုံလောက်ပါ။ စိတ်ကျန်းမာရေး၊ မိသားစုဘဝအဆင်ပြေမှု၊ အလုပ်အကိုင်အခြေအနေ၊ အာဟာရ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ပညာရေးနှင့် လူမှုစီးပွားရေးအခြေအနေများပါ ပါဝင်နေပါသည်။
လူတစ်ဦးတွင် ရောဂါကြီးကြီးမားမား မရှိသော်လည်း အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အလုပ်ပင်ပန်းခြင်း၊ မိသားစုအခက်အခဲများရှိခြင်းတို့ကြောင့် နေ့စဉ်ဘဝတွင် မကျန်းမာသကဲ့သို့ ခံစားရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုသည် ဆေးပေးကုသခြင်းတစ်ခုတည်းမဟုတ်ဘဲ လူတစ်ဦးချင်းစီ၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးသော လုပ်ငန်းကြီးတစ်ခု ဖြစ်ပါသည်။

 

ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ အဓိကရည်ရွယ်ချက်

 

ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများအား ရောဂါမဖြစ်မီ ကာကွယ်ပေးရန်၊ ရောဂါဖြစ်လျှင် စောစီးစွာ ရှာဖွေကုသပေးရန်၊ ရောဂါကြောင့် မသန်စွမ်းမှုနှင့် သေဆုံးမှုများ လျော့နည်းစေရန်နှင့် ပြည်သူများ၏ဘဝ အရည်အသွေးတိုးတက်စေရန် ဖြစ်ပါသည်။ ကောင်းမွန်သော ကျန်းမာရေးစနစ်တစ်ခုတွင် ကာကွယ်ရေး၊ ကုသရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အချင်းချင်း ချိတ်ဆက်နေကြရပါသည်။ လူနာတစ်ဦးသည် ရောဂါကြီးလာမှ ဆေးရုံသို့ ရောက်လာခြင်းထက် ရောဂါမဖြစ်မီကတည်းက ကာကွယ်နိုင်ခြင်း၊ ရောဂါစတင်ဖြစ်ချိန်တွင် စောစီးစွာ သိရှိကုသနိုင်ခြင်းသည် ပိုမိုထိရောက်သော ကျန်းမာရေးစနစ်ဖြစ်ပါသည်။

 

လူတိုင်းလက်လှမ်းမီသည့်အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် (UHC) 

 

Universal Health Coverage (UHC) ဆိုသည်မှာ လူတိုင်းအတွက်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို အချိန်မီ၊ နေရာမရွေး၊ အရည်အသွေးပြည့်မီစွာ ရရှိနိုင်ပြီး ထိုဝန်ဆောင်မှုများကြောင့် ငွေကြေးအခက်အခဲမဖြစ်စေရန် ရည်ရွယ်သော လူတိုင်းလက်လှမ်းမီသည့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဖြစ်ပါသည်။ UHC ၏ အဓိကအချက် သုံးချက်မှာ လူတိုင်းလက်လှမ်းမီရမည်။ ဝန်ဆောင်မှုအရည်အသွေး ပြည့်မီရမည်။ ငွေကြေးဝန်ထုပ်ဝန်ပိုး မဖြစ်စေရဟူ၍ ဖြစ်ပါသည်။ ဆင်းရဲသောကြောင့် ဆေးမကုနိုင်ခြင်း၊ နေရာဝေးသောကြောင့် ဆေးရုံမရောက်နိုင်ခြင်း၊ ဆေးကုသစရိတ်ကြောင့် မိသားစုဘဝ ပိုမိုခက်ခဲသွားခြင်းတို့ကို လျှော့ချနိုင်ရန် UHC သည် အရေးကြီးပါသည်။

 

မြန်မာနိုင်ငံကဲ့သို့ မြို့ပြနှင့် ကျေးလက်ကွာဟမှု ရှိသောနိုင်ငံများတွင် UHC ကို အကောင်အထည်ဖော်ရာ၌ အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ကျေးလက်ဒေသအထိ ရောက်ရှိရန်၊ ဆေးဝါးနှင့် စက်ပစ္စည်းများ လုံလောက်ရန်၊ ကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာ ခန့်ထားနိုင်ရန်နှင့် ပြည်သူများ၏ ကျန်းမာရေးအသိပညာမြင့်မားလာရန် လိုအပ်ပါသည်။

 

ပဏာမကျန်းမာရေးစောင့်ရှောက်မှုစနစ် (PHC) 

 

Primary Health Care (PHC) သည် ပြည်သူ များနှင့် အနီးဆုံးနေရာတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် စီစဉ်ထားသော ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဖြစ်ပါသည်။ PHC သည် UHC ရောက်ရှိရန် အရေးကြီးဆုံးလမ်းကြောင်း ဖြစ်ပါသည်။ PHC ၏ အဓိက အယူအဆမှာ ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် ရောဂါမဖြစ်မီ ကာကွယ်ခြင်းဖြစ်ပါသည်။ PHC တွင် ကာကွယ်ဆေးထိုးနှံ ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှု၊ ကလေးဖွံ့ဖြိုးမှုစောင့်ကြည့်ခြင်း၊ အာဟာရပညာပေးခြင်း၊ သန့်ရှင်းသောရေသောက်သုံးရေး၊ အိမ်သာသန့်ရှင်းရေး၊ ကူးစက်ရောဂါကာကွယ်ရေး၊ သွေးတိုးနှင့် ဆီးချိုစစ်ဆေးခြင်း၊ ဆေးလိပ်ဖြတ်ရေးနှင့် ကျန်းမာရေးပညာပေးခြင်းတို့ ပါဝင်ပါသည်။

 

မြန်မာနိုင်ငံတွင် ကျေးလက်ကျန်းမာရေးဌာနများ၊ တိုက်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ သားဖွားဆရာမများနှင့် ကျန်းမာရေးမှူးများက PHC ၏ အဓိကမောင်းနှင်အားများ ဖြစ်ကြပါသည်။ ၎င်းတို့သည် လူထုနှင့် အနီးဆုံးနေရာတွင် ရှိနေကြပြီး ရောဂါကာကွယ်ရေး၊ ကျန်းမာရေးပညာပေးရေးနှင့် စောစီးစွာ ရောဂါသိရှိရေးလုပ်ငန်းများတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြပါသည်။

 

မြန်မာနိုင်ငံ၏ ကျန်းမာရေးစိန်ခေါ်မှုများ

 

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှုများသည် မြို့ကြီးများမှစ၍ ဝေးလံခေါင်သီသော ကျေးလက်ဒေသများအထိ ပျံ့နှံ့ဆောင်ရွက်နေရသော လုပ်ငန်းကြီးတစ်ခုဖြစ်ပါသည်။ မြို့ပြဒေသများတွင် ဆေးရုံဆေးခန်း၊ ဆေးဝါးနှင့် ကျွမ်းကျင်ဝန်ထမ်းများ ပိုမိုရရှိနိုင်သော်လည်း ကျေးလက်နှင့် ဝေးလံခေါင်သီသောဒေသများတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကျန်းမာရေးဝန်ထမ်းမလုံလောက်ခြင်း၊ ဆေးဝါးနှင့် စက်ပစ္စည်း အကန့်အသတ်ရှိခြင်းတို့ကို ရင်ဆိုင်ရတတ်ပါသည်။

 

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးတွင် အရေးပေါ်ပြဿနာဖြစ်လာသောအခါ ဆေးရုံသို့ အချိန်မီ ရောက်နိုင်ခြင်းသည် မိခင်နှင့်ကလေးအသက်ကို ကယ်တင်နိုင်သောအချက်ဖြစ်ပါသည်။ ကလေးတစ်ဦးတွင် အဖျားတက်ခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှူခက်ခြင်းတို့ ဖြစ်လာပါက အချိန်မီကုသမှုရရှိခြင်းဖြင့် အသက်ရှင်သန်နိုင်ပါသည်။ ထို့ကြောင့် ကျေးလက်အထိ ကျန်းမာရေးဝန်ဆောင်မှု ရောက်ရှိရေးသည် လူ့အသက်နှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။

 

ကူးစက်ရောဂါနှင့် မကူးစက်ရောဂါ နှစ်မျိုးလုံးကို ရင်ဆိုင်နေရခြင်း
 

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ရောဂါများသာမက မကူးစက်နိုင်သော ရောဂါများလည်း တိုးပွားလာလျက်ရှိပါသည်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ရောဂါ၊ ကင်ဆာရောဂါနှင့် နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါများသည် လူနေမှုပုံစံ၊ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသုံးစွဲခြင်း၊ စိတ်ဖိစီးမှုနှင့် ပတ်ဝန်းကျင်အခြေအနေများနှင့် ဆက်စပ်နေပါသည်။ ထို့ကြောင့် မြန်မာ့ ကျန်းမာရေးစနစ်အတွက် ကူးစက်ရောဂါများကိုထိန်းချုပ်ခြင်းနှင့် မကူးစက်နိုင်သော ရောဂါများကို ကြိုတင်ကာကွယ်ခြင်း နှစ်ခုစလုံးကို တစ်ပြိုင်နက် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ပြည်သူများအနေဖြင့်လည်း မိမိကျန်းမာရေးကို မိမိတာဝန်ယူနိုင်ရန် ကျန်းမာသော နေထိုင်မှုပုံစံများကို ကျင့်သုံးရန် လိုအပ်ပါသည်။

 

ကိုဗစ်-၁၉ ကာလမှ သင်ခန်းစာများ

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလသည် ကမ္ဘာ့ကျန်းမာရေးစနစ်များအတွက် ကြီးမားသော စမ်းသပ်မှုတစ်ခုဖြစ်ခဲ့ပါသည်။ ထိုကာလမှ သင်ခန်းစာများအနက် အရေးကြီးဆုံးမှာ ရောဂါကာကွယ်ရေးသည် ကုသရေးထက် အလွန်အရေးကြီးကြောင်း ဖြစ်ပါသည်။ လူထု၏အသိပညာ၊ ရောဂါစောင့်ကြည့်ရေးစနစ်၊ ကာကွယ်ဆေးထိုးနှံရေး၊ သတင်းမှန်ပြန့်ပွားရေးနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုတို့သည် ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ကိုဗစ်-၁၉ က ပြသခဲ့ပါသည်။

 

ထိုကာလတွင် လူမှုကွန်ရက်မှတစ်ဆင့် ကျန်းမာရေးသတင်းမှားများလည်း လျင်မြန်စွာ ပျံ့နှံ့ခဲ့ပါသည်။ မမှန်ကန်သော ဆေးနည်းများ၊ အတည်မပြု ရသေးသော ကုသနည်းများ၊ ကောလာဟလများကြောင့် ပြည်သူများအတွက် အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးသတင်းအချက် အလက်များကို ယုံကြည်စိတ်ချရသော အရင်းအမြစ်များမှ ရယူရန် အလွန်အရေးကြီးပါသည်။

 

လူမှုကွန်ရက်နှင့် ကျန်းမာရေးသတင်းမှားများ

 

ယနေ့ခေတ်တွင် လူမှုကွန်ရက်များသည် ကျန်းမာရေးပညာပေးများ ပျံ့နှံ့စေရန် အခွင့်အလမ်းတစ်ခုဖြစ်သော်လည်း သတင်းမှားများ ပျံ့နှံ့စေနိုင်သည့် အန္တရာယ်လည်း ရှိပါသည်။ အတည်မပြုရသေးသော ဆေးနည်းများကို ယုံကြည်ပြီး မှန်ကန်သော ဆေးကုသမှု နောက်ကျသွားခြင်း၊ ဆေးမှားသောက်ခြင်း၊ ရောဂါပိုဆိုးလာခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ပြည်သူများအနေဖြင့် ကျန်းမာရေးအချက်အလက်များကို ဆရာဝန်၊ ဆေးဝါးပညာရှင်၊ ကျန်းမာရေးပညာရှင်များ၏ အကြံပြုချက်များ၊ WHO ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တရားဝင်ဆေးပညာအဖွဲ့အစည်းများမှ ထုတ်ပြန်သော အချက်အလက်များကိုသာ ယုံကြည်သင့်ပါသည်။
 

 

ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု

 

ကျန်းမာရေးစနစ်ကောင်းတစ်ခု တည်ဆောက်ရာတွင် အစိုးရနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းမှုဖြင့် မလုံလောက်ပါ။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကလည်း မရှိမဖြစ် လိုအပ်ပါသည်။ ပြည်သူများအနေဖြင့် မိမိကျန်းမာရေးကို မိမိတာဝန်ယူနိုင်ရန် ကျန်းမာရေးအသိပညာများ လေ့လာခြင်း၊ သန့်ရှင်းသောနေထိုင်မှုပုံစံ ကျင့်သုံးခြင်း၊ အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ ဆေးလိပ်နှင့် အရက်အလွန်အကျွံသုံးစွဲမှုကို ရှောင်ကြဉ်ခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။

 

လူနာအနေဖြင့် ဆေးညွှန်းအတိုင်း ဆေးသောက်ခြင်း၊ မိမိသဘောဖြင့် ဆေးရပ်မှုမပြုလုပ်ခြင်း၊ ပုံမှန်ပြန်လည်စစ်ဆေးခြင်း၊ ရောဂါလက္ခဏာများကို မှန်မှန်ကန်ကန် ပြောပြခြင်းတို့ လိုအပ်ပါသည်။ မိသားစုဝင်များအနေဖြင့်လည်း လူနာကို စိတ်ပိုင်းဆိုင်ရာ အားပေးခြင်း၊ ဆေးကုသမှုကို လိုက်နာရန်ကူညီခြင်း၊ အရေးပေါ်လက္ခဏာများကို သတိထားခြင်းတို့ဖြင့် ပါဝင်နိုင်ပါသည်။
 

 

အနာဂတ် မြန်မာ့ကျန်းမာရေးစနစ်

 

အနာဂတ်မြန်မာ့ကျန်းမာရေးစနစ်သည် လူနာဗဟိုပြု၊ ကာကွယ်ရေးဦးစားပေး၊ လူတိုင်းလက်လှမ်းမီနိုင်သော စနစ်ဖြစ်ရန် လိုအပ်ပါသည်။ ကျန်းမာရေးဝန်ထမ်းအင်အား မြှင့်တင်ခြင်း၊ ဝန်ထမ်းများအတွက် ဆက်လက်ပညာသင်ကြားမှု အခွင့်အလမ်းများပေးခြင်း၊ ဆေးရုံဆေးခန်းများ၏ အခြေခံအဆောက်အအုံမြှင့်တင်ခြင်း၊ ဆေးဝါးနှင့် စက်ပစ္စည်းရရှိနိုင်မှု တိုးတက်စေခြင်းတို့ လိုအပ်ပါသည်။ ထို့အပြင် Digital Health နည်းပညာများဖြစ်သော Electronic Medical Record, Telemedicine, Health Infor-mation System စသည့်နည်းပညာများကို သင့်တော်စွာ အသုံးပြုနိုင်ပါက လူနာမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းနိုင်ခြင်း၊ ဝေးလံဒေသများတွင် အကြံပြု ကုသမှုရရှိနိုင်ခြင်း၊ ရောဂါဖြစ်ပွားမှုများကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်နိုင်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။

 

ပူးပေါင်းပါဝင်ခြင်း 

 

ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအတွက်သာမက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးကြီးသော အခြေခံအုတ်မြစ် ဖြစ်ပါသည်။ WHO ၏ ကျန်းမာရေးအယူအဆ၊ Universal Health Coverage (UHC) နှင့် Primary Health Care(PHC) တို့သည် လူတိုင်းအတွက် ကျန်းမာရေးဝန်ဆောင်မှုများကို တန်းတူညီမျှ၊ အရည်အသွေးပြည့်မီစွာ ရရှိစေရန် လမ်းညွှန်ပေးသော အရေးကြီးသည့် မူဝါဒအယူအဆများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် ပိုမိုခိုင်မာလာစေရန် အစိုးရ၊ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ မြင့်မားလာခြင်း၊ ရောဂါကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ခြင်း ကျန်းမာသော မြန်မာနိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ကိုးကား

1.    World Health Organization. Universal Health Coverage (UHC).
2.    World Health Organization. Primary Health Care (PHC).
3.    World Health Organization. Constitution of the World Health Organization: Defini-tion of Health.
4.    World Health Organization. Noncommuni-cable Diseases.
5.    UNICEF. Maternal, Newborn and Child Health / Immunization.
6.    United Nations. Sustainable Development Goal 3: Good Health and Well-being.
7.    World Bank. Health Indicators: Life expec-tancy, maternal mortality, under-five mortality and NCD indicators.