နေပြည်တော် ဇူလိုင် ၇
လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး၊ မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အနာဂတ်နှင့် လွှတ်တော်၏ မူဝါဒရေးရာ အခန်းကဏ္ဍဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌက ယနေ့ဆွေးနွေးပွဲသည် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ၏ ပထမဦးဆုံး စတင်သည့် ဆောင်ရွက်ချက်ဖြစ်ပါကြောင်း၊ (JCC) အဖွဲ့၏ရည်ရွယ်ချက်မှာ လွှတ်တော်သည် ဂုဏ်သိက္ခာရှိပြီး အဆင့်အတန်းမြင့်မားသည့် လွှတ်တော်ဖြစ်စေရေးနှင့် ဝမ်းစာရှိပြီးဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များကို ဝမ်းစာထပ်မံ ပြည့်ဝအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကမ္ဘာ့လက်ရှိ အခြေအနေများကို လေ့လာသုံးသပ်ပြီး လွှတ်တော်၏ အခန်းကဏ္ဍအနေဖြင့် မည်သို့ပါဝင်လုပ်ဆောင် ရမည်ကို ဆွေးနွေးကြစေလိုကြောင်း၊ ဆွေးနွေးပွဲတွင် ပညာရှင်များနှင့် ကိုယ်စားလှယ်များ အပြန်အလှန် ဆွေးနွေးစေလိုကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် ယခုလို စွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲများ မှတစ်ဆင့် လွှတ်တော်၏အကျိုးနှင့် နိုင်ငံတော်၏အကျိုးကို ဖြစ်ထွန်းစေရန် ဝိုင်းဝန်းကြိုးပမ်းအားထုတ် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)က ပထဝီနိုင်ငံရေးအပြောင်းအလဲများနှင့် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက်ရပ်တည်မှုခေါင်းစဉ်ဖြင့် တွေးစရာ၊ မေးစရာများနှင့်အတူ လွှတ်တော်၏ အခန်းကဏ္ဍကိုလည်းကောင်း၊ ဒေါက်တာဇော်ဦးက ပထဝီစီးပွားရေးနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး အခွင့်အလမ်း ခေါင်းစဉ်ဖြင့် မြန်မာပထဝီစီးပွားရေးနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို လည်းကောင်း၊ နိုင်ငံတကာအရေးရာများနှင့်ဆက်စပ်၍ ဆွေးနွေးဟောပြောရာ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌက ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ဆွေးနွေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌက ဆွေးနွေးဟောပြောပေးခဲ့သည့် ပညာရှင်များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


