ပဲခူး ဇူလိုင် ၆

 

ပဲခူးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူ‌ရေးလုပ်ငန်းကို ဒေသတွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ မွေးမြူထုတ်လုပ်လျက်ရှိသည့်အပြင် တိုင်းဒေသကြီး၏ ငါးမွေးမြူ‌ထုတ်လုပ်မှုသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကြောင်း ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 

“ရေထွက်ကုန်ဖူလုံပြီး ပိုလျှံတာကို နေပြည်တော်နဲ့ရန်ကုန်ကို တင်ပို့နေပါတယ်။ ရေချိုထွက်ကုန် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်မွေးမြူထုတ်လုပ်နိုင်လာတာက အားရစရာပါ။ လက်ရှိမှာ ငါးခြောက်လုပ်ငန်း၊ ငါးပိလုပ်ငန်း၊ ငါးပိကို အခြောက်ကနေ အမှုန့်ပြုလုပ်ထားတဲ့ အသင့်စားလုပ်ငန်း၊ ငါးပိထောင်းလုပ်ငန်း၊ ငါးရံ့ခြောက်လုပ်ငန်းတွေ ရှိနေပါတယ်။ ငါးကို တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ စက်ရုံမရှိသေးတဲ့အတွက် တိုင်းဒေသကြီးအစိုးရရဲ့အားပေးမှုနဲ့ အအေးခန်းစက်ရုံ‌တွေ တည်ထောင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောသည်။

 

တိုင်းဒေသကြီး ငါးမွေးမြူရေးလုပ်ငန်း၊ အင်းလုပ်ငန်းနှင့် ဘုံငါးဖမ်းလုပ်ငန်းတို့မှ ရေထွက်ပစ္စည်းများ မွေးမြူထုတ်လုပ်လျက်ရှိရာ ငါးမွေးမြူရေးလုပ်ငန်းမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၆၅၃၂၁ ဒသမ ၆၄ ပိဿာ၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၆၅၀၂၆ ပိဿာ၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၆၇၂၀၄ ဒသမ ၂၀၈ ပိဿာ၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၆၇၉၇၀ ဒသမ ၇၄၈ ပိဿာနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၆၈၄၁၀ ဒသမ ၉၄ ပိဿာ ထွက်ရှိခဲ့သည်။

 

ထို့အတူ အင်းလုပ်ငန်းမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၈၉၅၀၄ ဒသမ ၆၅ ပိဿာ၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၉၀၈၂၇ ပိဿာ၊ ၂၀၂၃-၂၀၂၄ ခုနှစ် တွင် ၉၁၉၁၇ ဒသမ ၆၁၈ ပိဿာ၊ ၂၀၂၄ -၂၀၂၅ ခုနှစ်တွင် ၉၂၅၀၃ ဒသမ ၂၄၃ ပိဿာနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၉၂၉၆၅ ဒသမ ၃၈ ပိဿာထွက်ရှိခဲ့သည်။

 

အလားတူ ဘုံငါးဖမ်းလုပ်ငန်းမှလည်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၁၃၃၉၆၄ ဒသမ ၀၃ ပိဿာ၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၁၃၄၉၇၂ ပိဿာ၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၁၃၇၀၄၀ ဒသမ ၀၀၈ ပိဿာ၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၁၃၈၂၆၅ ဒသမ ၆၂ ပိဿာနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၁၃၈၉၅၇ ပိဿာ တိုးတက်ထုတ်လုပ်ခဲ့ပြီး ရေထွက်ကုန်ကဏ္ဍသုံးရပ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ စုစုပေါင်းကုန်ပိဿာချိန်ပေါင်း ၁၄၇၄၈၅၀ ဒသမ ၅၃၁ ပိဿာ ထုတ်လုပ်ခဲ့သည်။

 

ပဲခူးတိုင်းဒေသကြီးတွင် ငါးမွေးကန်ဧက ၃၀၀၀၀ ကျော်ရှိပြီး ငါးကြင်းဖြူ၊ ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးသိုင်းခေါင်းပွ၊ ငါးခုံးမကြီးနှင့် တီလားပီးယားတို့ကို စီးပွားဖြစ်မွေးမြူထုတ်လုပ်လျက်ရှိကာ နိုင်ငံခြားငွေတိုးမြင့်ရရှိစေမည့် ငါးရံ့၊ ငါးကျည်း ရေထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

သစ္စာ(mna)၊ဓာတ်ပုံ- ဇွဲမာန်