ဇူလိုင် ၆
အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သုံးထပ်တိုက်တစ်လုံး၏ အစိတ်အပိုင်းတစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ ခြောက်ဦးထက်မနည်း သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။
မဟာရပ်ရှထရာပြည်နယ်၏ မြို့တော် မွန်ဘိုင်းရှိ မန်ခွတ်ဒေသတွင် လူနေအိမ်ခန်းများစွာပါဝင်သော အဆောက်အအုံသည် ယမန်နေ့ညက ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြိုကျမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ဖော်ထုတ်နေဆဲဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မွန်ဘိုင်းတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ခရီးစဉ်များ တစ်နာရီနီးပါး အနှောင့်အယှက်ဖြစ်စေခဲ့ပြီး လမ်းများရေလွှမ်းမိုးခဲ့ပြီး သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အိန္ဒိယမိုးလေဝသဌာနက မွမ်ဘိုင်းအတွက် အနီရောင်သတိပေးချက်ထုတ်ပြန်ထားပြီး မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သတိပေးပြောကြားထားသည်။
မိုးရွာသွန်းမှုကြောင့် မွမ်ဘိုင်းနှင့် ပူနေးကို ဆက်သွယ်ထားသော အမြန်လမ်းမကြီးတွင်လည်း မြေပြိုမှုများဖြစ်ပွားခဲ့ရာ လမ်းမကြီးကို ပိတ်ထားခဲ့ရပြီး မြို့နှစ်မြို့ကြား ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


