နေပြည်တော်    ဇူလိုင်    ၅

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် နှစ်စဉ်ကျင်းပနေသည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲသို့ မြန်မာယူ-၁၂ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲယှဉ်ပြိုင်မည့်  မြန်မာယူ-၁၂ အသင်း ဖွဲ့စည်းရန် ကစားသမားရွေးချယ်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့၌ ပြုလုပ်မည်ဖြစ်ပြီး မည်သူမဆို လာရောက်ရွေးချယ်ခံနိုင်မည်ဖြစ်သည်။ ကစားသမားရွေးချယ်ပွဲအား  အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)နှင့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) တွင် ဇူလိုင် ၁၁၊ ၁၂ ရက်တို့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ယူ-၁၂ ကစားသမားရွေးချယ်ပွဲကို  နိုင်ငံတစ်ဝန်းမှ အသက်မီသည့် မည်သည့်လူငယ်ကစားသမားမဆို လာရောက်ရွေးချယ်ခံနိုင်ပြီး နေရာဒေသအသီးသီးရှိ ကစားသမားများ ပါဝင်နိုင်ရေးအတွက် လူရွေးပွဲပြုလုပ်ခြင်းဖြစ်သည်။  မြန်မာ-ယူ ၁၂ ကစားသမားရွေးချယ်ပွဲသို့ လာရောက်ရွေးချယ်ခံမည့် လူငယ်ကစားသမားများအနေဖြင့် ဇူလိုင် ၉ ရက် (ရုံးချိန်အတွင်း) နောက်ဆုံးထားကာ [email protected] သို့ ပေးပို့ရမည်ဖြစ်ပြီး ဖုန်းနံပါတ်-  ၀၉၄၀၃၇၂၅၄၂၅ သို့လည်း ဆက်သွယ်မေးမြန်းနိုင်သည်။  ရွေးချယ်ခံမည့် ကစားသမားသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နောက်ပိုင်းမွေးဖွားသူဖြစ်ရန် လိုအပ်ပြီး ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့်  မွေးစာရင်းတို့ ယူဆောင်လာရမည်ဖြစ်ကာ အသက်မှန်ကန်မှုအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဆေးအဖွဲ့က စနစ်တကျစစ်ဆေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်များ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိစေရန် ၂၀၂၃ ခုနှစ်မှစတင်ကာ အဆိုပါပြိုင်ပွဲအား နှစ်စဉ်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်ပြိုင်ပွဲသည် စတုတ္ထအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ဂျပန်နိုင်ငံအတွင်းရှိ အကယ်ဒမီအသင်းများအပြင် ဥရောပ၊ တောင်အမေရိကနှင့် အာရှနိုင်ငံများရှိ ကလပ်အသင်းများမှ အကယ်ဒမီအသင်းများ လာရောက်ယှဉ်ပြိုင်သလို ဥရောပနာမည်ကြီး ဘာစီလိုနာ စသည့်အကယ်ဒမီလူငယ်အသင်းများလည်း လာရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF