ဂျေရုဆလင်   ဇူလိုင်   ၅

အစ္စရေးနိုင်ငံ၌ ၂၀၅၀ ပြည့်နှစ်အထိ ရည်မှန်းထားသည့် နှစ်ရှည်အမျိုးသားသယ်ယူပို့ဆောင်ရေး အစီအမံတစ်ရပ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အဆိုပါစီမံချက်သည် ကိုယ်ပိုင်ကားများအပေါ်မှီခိုမှုလျှော့ချခြင်းနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို ချဲ့ထွင်ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းမဟာဗျူဟာအရအစ္စရေး၏  မြို့ပြဧရိယာများ တွင် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးခရီးစဉ်များအား  နှစ်ဆတိုးစေရန်နှင့် ကိုယ်ပိုင်ယာဉ် အသုံးပြုမှုကို ၃၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချရန် ရည်ရွယ်ထားသည်။

ယင်းအစီအစဉ်တွင် လမ်းများ၊ မြို့တွင်းရထားလမ်း၊ ဘတ်စ်ကားစနစ်များ၊ လမ်းလျှောက်သူနှင့်  စက်ဘီးစီးသူများဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ရှာကယ်ဘီလီယံရာပေါင်းများစွာ ရင်းနှီး မြှုပ်နှံမှုများ ပါဝင်သည်။ နိုင်ငံအတွင်း လူဦးရေ အလျင်အမြန်များလာမှု၊ ခရီးသွားလာမှု မြင့်တက် လာမှုနှင့် ဒေသများအကြား ပိုမိုကောင်းမွန်သော ချိတ်ဆက်မှုလိုအပ်ချက်တို့ကို ဖြေရှင်းရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုဆောင်ရွက်မည့်အစီအစဉ်အား လက်ရှိသယ်ယူပို့ဆောင်ရေး အစီအစဉ်များနှင့် ပေါင်းစပ်ကာ စွမ်းရည်၊ ယုံကြည်စိတ်ချရမှု၊ လက်လှမ်းမီမှုနှင့် ခရီးသည်အတွေ့အကြုံတို့ကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရေရှည်အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို ဦးတည်စေမည်ဖြစ်ကာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို  အားကောင်းစေရန်နှင့် အစ္စရေးနိုင်ငံတစ်ဝန်း ပိုမိုထိရောက်သော ခရီးသွားလုပ်ငန်းကို ပံ့ပိုးပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။                          

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ